၄.၅.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာရှိ ဖိုးခွေးရိုးဝဲချောင်းတွင် မေလ ၃ ရက် ညနေပိုင်းက ချောင်းထဲရေဆင်းချိုးသူ အမျိုးသားတစ်ဦး မိကျောင်းအဆွဲခံရမှု ဖြစ်ပွားခဲ့သည်။

ရေဆင်းချိုးနေသည့် ဦးမိုးဝင်း၏  ခြေထောက်တစ်ဖက်ကို မိကျောင်းဆွဲသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ်ကာအကူအညီတောင်းခံပြီး ကုန်းပေါ်သို့ ရုန်းကန်ကာ တက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မိကျောင်းကိုက်ခံရသည့် အမျိုးသားမှာ ညာခြေခုံ၊ ဘယ်ခြေသလုံး၊ ဘယ်ဘက်ခြေခွင်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိသဖြင့် ဖျာပုံမြို့နယ် ​ကျုံကဒွန်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။.

“မိကျောင်းက ၁၆ ပေလောက်ရှည်ပြီး ဗျက်က ၃ ပေလောက်ရှိတယ်။ ဘိုကလေးဘက်က မြစ်နားနီးတဲ့ရွာတွေ၊ ချောင်းနားနီးတဲ့ရွာတွေမှာ မိကျောင်းတွေက ရေစပ်နားအထိလာတတ်တယ်။ ဒေသခံတွေလည်း မိကျောင်းရန်ကို သတိထားပြီးနေထိုင်နေရတာပဲ။ နှစ်တိုင်းလည်း မိကျောင်းကိုက်လို့ ဒဏ်ရာရတဲ့သူတွေ၊ သေတဲ့သူတွေလည်းရှိတယ်။ တချို့ရွာတွေမှာတော့ မိကျောင်း အန္တရာယ်ရှိတယ်ဆိုတယ် သတိပေးဆိုင်းဘုတ်တွေကပ်ထားတယ်”ဟု ဘိုကလေး ကဒုံကနိကျေးရွာဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ကလည်း ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စုရှိ ဘောဂဝတီကျေးရွာတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှာကြီးချောင်းတွင် ထောင်ထားသည့် ငါးဖမ်းပိုက်ကို သွားဖော်စဉ် မိကျောင်းအဆွဲခံရပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *