၄.၅.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး လွိုက်အော်စတင်က ရုရှားတပ်ဖွဲ့ဝင်တွေ နိုင်ဂျာနိုင်ငံတွင်း ရောက်ရှိလာကြတာကို မေလ ၃ ရက်က အတည်ပြုပြောကြားခဲ့ပြီး နိုင်ဂျာနိုင်ငံမြို့တော်၊ နိုင်ယာမီမြို့ရှိ အမေရိကန်တပ်ဖွဲ့တွေရဲ့ လေတပ်စခန်းမှာပဲ တပ်ချနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရုရှားတပ်ဖွဲ့တွေအနေနဲ့ လေတပ်စခန်းရဲ့သီးသန့်ဝင်းတစ်ခုအတွင်း တပ်ချထားကြတာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ ဒါမှမဟုတ် လက်နက်ကိရိယာတွေအထဲ ဝင်ရောက်ခွင့်မရှိဘူးလို့လည်း အော်စတင်က ဟိုနိုလူလူမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် နိုင်ဂျားမှာ ရက်သတ္တပတ်အတန်ကြာကပဲ ရောက်နေကြတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ နိုင်ရိုဘီမြို့ရှိအမေရိကန်တို့ရဲ့ လေတပ်စခန်း ၁၀၁ မှာစခန်းချနေကြတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသလို ရုရှားတပ်ဖွဲ့ဝင်တွေ အင်အားဘယ် လောက်အထိရှိသလဲ ရှင်းလင်းမှုမရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားဟာ အာဖရိကနိုင်ငံတွေနဲ့ စစ်ရေးအပါအဝင် နယ်ပယ်အားလုံးမှာဆက်သွယ်မှုတွေ ဖွံ့ဖြိုးတိုးတက်နေတာပါလို့ ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းက အနောက်အုပ်စုကလိုလားတဲ့ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇွန်ကို ဖြုတ်ချကာ စစ်အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပျက်လာခဲ့တာပါ။ နိုင်ဂျာနိုင်ငံအတွင်း စစ်စခန်းတွေ ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း နိုင်ဂျားကနေ ပြန်လည်ထွက်ခွာဖို့ စစ်အာဏာသိမ်းမှုအပြီး တောင်းဆိုမှုတွေရှိလာပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှားကလည်း အာဖရိကနိုင်ငံတွေအတွင်း အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ထိုးဖောက်ဝင်ရောက်ကာ အာဖရိကနိုင်ငံတွေနဲ့ စစ်အေးကာလက ဆက်ဆံမှုတွေမျိုး ပြန်လည်ရရှိအောင် ဆောင်ရွက်လာနေတာပါ။

နိုင်ဂျားမှာ အာဏာသိမ်းမှုဖြစ်ပွားအပြီး အမေရိကန်စစ်ဘက်က သူ့ရဲ့တပ်ဖွဲ့တွေကို လေတပ်အခြေစိုက်စခန်း ၁၀၁ မှ လေတပ်အခြေစိုက်စခန်း ၂၀၁ ကို ပြောင်းခဲ့တာပါ။ ဒါပေမယ့် လေတပ်အခြေစိုက်စခန်း ၁၀၁ မှာ အမေရိကန်အနေနဲ့ ဘယ်လို လက်နက်ကိရိယာတွေကျန်နေခဲ့လဲသေချာမသိရပါဘူး။

Ref–The Guardian

Leave a Reply

Your email address will not be published. Required fields are marked *