October 3, 2024

MT News

Written by Naing Thuta

မန္တလေးမြို့တွင် Mytel တာဝါတိုင်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်သွားရာမှ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်တောင်ရပ်ကွက်၊ ဒေါနခြံ၊ ၈၆ လမ်းပေါ်ရှိ Mytel တာဝါတိုင်အား အောက်တိုဘာ ၁၅ ရက်ညနေ ၆ နာရီဝန်းကျင်ခန့်က လက်လုပ်ဗုံးဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညနေ ခြောက်နာရီထိုးခါနီးလောက်က အနက်ရောင်ဆိုင်ကယ်တစ်စီးပေါ်ကနေ လူငယ်အရွယ် အမျိုးသားနှစ်ဦးရောက်လာပြီး အနောက်က ပါလာသူက လက်ပစ်ဗုံးနဲ့ ပစ်သွားတာ။ ပစ်တာတော့ Mytel တာဝါတိုင်ကို ပစ်တယ် ထင်တာပဲ။ ဒါပေမဲ့ဗျာ လမ်းသွားနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ထိသွားတယ်။ ဘာဖြစ်သွားလဲတော့ သေချာမသိရသေးဘူး။ အသက်မသေသွားတာ ကံကောင်းတယ်။ ပြီးတော့ Mytel တာဝါတိုင်အရှေ့မှာနေထိုင်တဲ့ အိမ်ထဲတွင် ရပ်ထားတဲ့ ကားနောက်မှန်ကွဲသွားတယ်” ဟု အခင်းဖြစ်ပွားရာနေရာနှင့် နီးကပ်စွာနေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ရာတွင် Mytel တာဝါတိုင်၏ အရှေ့မြောက်ထောင့်တွင် ပေါက်ကွဲခဲ့ပြီး Mytel တာဝါတိုင်၏ အရှေ့တွင် နေထိုင်သည့်အိမ်မှ အိမ်ရှေ့တွင်ထိုင်နေသော အသက် ၅၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီးတစ်ဦးအား ဘယ်ဘက်ပေါင်ဗုံးစထိမှန် ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)နှင့် လမ်းပေါ်တွင် လမ်းလျှောက်သွားလာနေသော အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးမှာ ဘယ်ဘက်လက်ဖျံပေါ်တွင် ဗုံးစထိမှန် (၁)ချက် (မစိုးရိမ်ရ) ဖြင့် ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ဗုံးစထိမှန်ခံရသူ အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်စစ်ဆေးသွားပြီး မည်သူက ပစ်သွားသည်ကို မသိရှိရသေးကြောင်းနှင့် မည်သည့်အဖွဲ့အစည်းက လာရောက်လုပ်သွားသည်ဆိုသည်ကို ယခုထိ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *