၁၀. ၅. ၂၀၂၃
Written by Naing Thuta
တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားအမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးနှင့်အတူ မြန်မာနိုင်ငံသားယာဉ်မောင်းတစ်ဦးကိုပါ သံလွင်တံတား မော်လမြိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတား (မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နေ့လည်ပိုင်းက ၎င်းစစ်ဆေးရေးဂိတ်အတွင်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မော်တော်ကားများအား စစ်ဆေးဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ အမှတ်(၁)မြို့မရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမောင်းနှင်လာသော YGN 4D/— နံပါတ်တပ်ဆင်ထားသည့် လန်ခရူဆာအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်တွင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၂ ဦးအား မည့်သည့်အထောက်အထားမှ မပါဘဲ တရားမဝင် ဝင်ရောက်လာကြောင်း စိစစ်တွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါတရုတ်နိုင်ငံသားများနှင့်အတူ ဖမ်းဆီးရမိသောယာဉ် မောင်းဖြစ်သူအား စစ်ဆေးခဲ့ရာ မြဝတီမြို့မှ မော်လမြိုင်မြို့၊ မော်လမြိုင်မြို့မှတစ်ဆင့် မုတ္တမမြို့ဘက်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည့်အပြင် ၎င်းယာဉ်မောင်းနှင့် တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသား ၆ ဦးကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ယခုထိ စစ်ဆေးဆောင်ရွက်နေကြကြောင်းလည်း သိရသည်။



