ဘရွန်းစ်ဗီးလီးမြို့တွင် မေလ ၇ ရက်က မှတ်တိုင်တွင် စောင့်ဆိုင်းနေသူလူအုပ်အား ဝင်တိုက်ခဲ့သည့် SUV ကားကို တိုက်မိအပြီးတွေ့ရစဉ်
၈. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၏ မက္ကဆီကိုနိုင်ငံနှင့် နယ်စပ်တွင်တည်ရှိသော ဘရွန်းစ်ဗီးလီးမြို့တွင် မေလ ၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် ၁၄း၃၀ နာရီ) ၌ အိမ်ခြေယာခြေမဲ့များနှင့် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ ခိုလှုံနေထိုင်ကြရာစခန်းတစ်ခုအနီး ဘတ်စ်ကားမှတ်တိုင်တစ်ခုရှိ လူအုပ်စုတစ်ခုအတွင်း ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ အနည်းဆုံးလူရှစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။
ထို့ပြင် ဒဏ်ရာရရှိသူလည်း ငါးဦးရှိပြီး ၎င်းတို့အနက်အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်းလည်းသိရသည်။ ယာဉ်မောင်းဖြစ်သူကို ဖမ်းမိခဲ့ပြီးနောက် ၎င်းအားအမှုဖွင့်တရားစွဲထားကြောင်း ဘရွန်းစ်ဗီးလီးမြို့ ရဲတပ်ဖွဲ့က ပြောခဲ့သည်။ သို့ရာတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူသည် တမင်သက်သက်ကြံရွယ်ချက်ဖြင့် ကားနှင့် ဝင်တိုက်ခဲ့ခြင်းလော ရှင်းလင်းစွာမသိရသေးဟုဆိုသည်။ အစောပိုင်းသတင်းအချို့ကမူ ၎င်းကတမင် ရည်ရွယ်သောလုပ်ရပ်ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကထင်ကြောင်း ဖော်ပြခဲ့ကြသည်။
စောင့်ကြည့်ထောက်လှမ်းရေးဗီဒီယိုတစ်ခုအရ အဆိုပါ SUV ကားက အနီရောင်မီးပွိင့်တစ်ခုကို ဝင်တိုက်ကာ ဘတ်စ်ကားမှတ်တိုင်အနီးသို့ အရှိန်ဖြင့် ချဉ်းကပ်လာခြင်းဖြစ်ကြောင်း တွေ့ကြရသည်။ ထို့နောက်တွင် ယာဉ်သွားလာမှုအတားအဆီးများကိုပါ ဝင်တိုက်ကာ မှတ်တိုင်ရှိလူအုပ်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။
မှတ်တိုင်ရှိ လူအုပ်ကအယောက် ၂၀ ခန့်ရှိကာ အိမ်ခြေယာခြေမဲ့များနှင့် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ ခိုလှုံနေထိုင်ကြရာစခန်းတွင် နေထိုင်ကြသူများဖြစ်ကာ ယာဉ်တိုက်မှုမဖြစ်ပွားမီ နာရီဝက်ခန့်က ဘတ်စ်ကားမှတ်တိုင်သို့ လာရောက်စောင့်နေကြခြင်းဖြစ်သည်။ ယာဉ်တိုက်သေဆုံးသူအများစုမှာလည်း ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကြောင်းလည်း သိရသည်။
Ref—– bbc
