၅. ၅. ၂၀၂၃
Written by Pan Ei
ဗြိတိန်ပေါ့ပ်စတား Ed Sheeran ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂရမ်မီဆုရသီချင်းဖြစ်တဲ့ Thinking Out Loud သီချင်းမှာ ၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Marvin Gaye ရဲ့ Let’s Get It On သီချင်းရဲ့ တေးသွား၊ စည်းချက်နဲ့ သံစဉ်တွေကို အသုံးပြုထားတယ်ဆိုပြီး သီချင်းရေးဆရာတစ်ဦးက Ed Sheeran ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး မနေ့က တရားခွင်မှာတော့ တရားသူကြီးတွေဟာ Let’s Get It On က သံစဉ်ကို ခိုးကူးထားခြင်းမရှိကြောင်း အမိန့်ချမှတ်ခဲ့တာမို့လို့ Ed Sheeran က တရားခွင်မှာ အနိုင်ရရှိခဲ့ပါတယ်။
တရားခွင်မှာ ရှုံးနိမ့်ခဲ့ရင် သီချင်းတွေ ဆက်မလုပ်တော့ဘဲ အနုပညာလောကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ Ed Sheeran ဟာ အနိုင်ရရှိခဲ့တဲ့ တရားခွင်အပြီးမှာတော့ သူဟာ အရမ်းပျော်ရွှင်ရကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပြီး “အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ သီချင်းရေးသူတွေအတွက် ဖန်တီးမှု လုပ်ငန်းစဉ်တွေကို ကာကွယ်ပေးနိုင်တဲ့ ဆုံးဖြတ်ချက်ချပေးတဲ့အတွက် တရားသူကြီးတွေကို ကျွန်တော်ကျေးဇူးတင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တရားခွင်မှာ Ed Sheeran ဟာ သီချင်းအမျိုးမျိုးကို တီးခတ်ပြကာ တရားစွဲဆိုခံရတဲ့ သံစဉ်ဟာ သီချင်းတွေမှာပါလေ့ရှိတဲ့ သာမန်သံစဉ်ဖြစ်တဲ့အကြောင်းကို သက်သေထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုအပတ်အတွင်း နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ တရားခွင်ကြောင့် Ed Sheeran ဟာ အသက် ၉၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ အဖွားဖြစ်သူရဲ့ နာရေးကိုလည်း မသွားနိုင်ခဲ့ကြောင်း Ed Sheeran ရဲ့ ဖခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။
Ed Sheeran ရဲ့ Thinking out loud သီချင်းဟာ Billboard ရဲ့ အကျော်ကြားဆုံး သီချင်း ၁၀၀ စာရင်းရဲ့ ထိပ်ဆုံးနေရာတွေမှာ အချိန်အတန်ကြာ ရပ်တည်နေနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ တစ်နှစ်တာအတွက် အကောင်းဆုံးသီချင်းဆု ရရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
Ref; Yahoo News


