၂၇. ၄. ၂၀၂၃
Written by Peya

နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် လာမည့် ပညာသင်နှစ်က စတင်ကာ စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ပညာရပ်များကို အပြည့်အဝ ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသားကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9)ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

“အဓိက ဦးဆောင်တာတော့ ပညာရေးပေါ့။ ကျွန်တော်တို့ အပိုင်းက သင်ကြားရေးအတွက် စာအုပ်စာတမ်းတွေ ပြုစုရတာရှိတယ်။ သင်ရိုးညွှန်းတမ်း ပြုစုရတယ်။ ဆရာ၊ ဆရာမ အင်အား ဖြည့်တင်းရတယ် ဒါပါပဲ။ လာမယ့် စာသင်နှစ်မှာ စနိုင်ဖို့ ကြိုးစားနေတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အခြေခံပညာအထက်တန်းအောင်သည်အထိ အထူးပြု သင်ပေးသွားမည်ဖြစ်ကာ စိုက်ခင်းပြုလုပ်ရန်၊ မွေးမြူရေးခြံများ ပြုလုပ်နိုင်မည့် နေရာများကိုလည်း ရွေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ကြောင်းလည်း သိရသည်။

စက်မှုနည်းပညာလမ်းကြောင်းတွင် တက်ရောက်သည့် ကျောင်းသားများအတွက် အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် အင်ဂျင်နီယာဘွဲ့(BE) ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် နည်းပညာဘွဲ့(B.Tech) ပေးအပ်သော အစိုးရနည်းပညာကောလိပ်များသို့လည်းကောင်း၊ အဆင့်မီ(Qualified) ဖြင့် အောင်မြင်သူများသည် အင်ဂျင်နီယာနည်းပညာ ဒီပလိုမာ(AGTI Diploma) ပေးအပ်သော အစိုးရစက်မှုလက်မှုသိပ္ပံများသို့လည်းကောင်း ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကာ အင်ဂျင်နီယာ နည်းပညာ ဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့လည်းကောင်း စတင်တက်ရောက်နိုင် မည်ဖြစ်ပြီး ရိုးရိုးအောင်မြင်သူများအနေဖြင့် ပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိမည်ဖြစ်သည်။

စိုက်ပျိုးရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလသုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်း တမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပြီးအထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ ငါးနှစ်သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ကာ အဆင့်မီ (Qualified)ဖြင့် အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ် (Diploma in Agriculture) သုံးနှစ်သင်တန်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၏ အင်ဂျင်နီယာနည်းပညာဒီပလိုမာ (AGTI Diploma – Farm Machinery) သုံးနှစ် သင်တန်းသို့ တက်ရောက်နိုင်ကြမည်ဖြစ်ပြီး စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ ငါးနှစ်သင်တန်း၏ တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်ကာ အင်ဂျင်နီယာနည်းပညာဒီပလိုမာသင်တန်းကို ထူးချွန်စွာအောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့လည်းကောင်း စတင်တက်ရောက်နိုင်မည်ဖြစ်ပြီး
ရိုးရိုးအောင်မြင်ပါက စိုက်ပျိုးရေးအတတ်ပညာ အောင်လက်မှတ် ရရှိမည်ဖြစ်သည်။

မွေးမြူရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် မွေးမြူရေးအတတ်ပညာဆိုင်ရာဘာသာရပ်များကို ပညာသင်ကာလ သုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပြီး အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine) ခြောက်နှစ် သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) လေးနှစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ပြီး အဆင့်မီ(Qualitfied)ဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေးသိပ္ပံများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) သုံးနှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ (Diploma in Fisheries and Aquaculture) သုံးနှစ် သင်တန်းသို့ တက်ရောက်နိုင်မည် ဖြစ်သည်။ မွေးမြူရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် လေးနှစ်သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်)သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်ကာ ငါးလုပ်ငန်းသိပ္ပံဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည် ဖြစ်ပြီး ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာအောင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *