၃. ၄. ၂၀၂၃
Written by Phyo Wei

ကမ္ဘာက ရန်သူအဖြစ် ရှုမြင်နေတဲ့ ရုရှားနိုင်ငံကို ဝန်းရံအားပေးနေတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးက အေးခဲသွားတယ်လို့ ရှုမြင်ကြပေမဲ့လည်း လက်ရှိကာလမှာတော့ NLD အစိုးရဟောင်းလက်ထက်က တရုတ်နဲ့ သဘောတူလက်မှတ်ထိုးခဲ့တဲ့ BRI စီမံကိန်းတွေအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့လိုက်တာဟာ တရုတ်-မြန်မာဆက်ဆံရေးတင်မက စီးပွားရေး၊ ငြိမ်းချမ်းရေးအရွေ့အတွက်ပါ ဘယ်လောက်တိုးတက်ပြောင်းလဲလာမလဲ စောင့်ကြည့်ချင်စရာအရမ်းကောင်းနေပါတယ်။ အခြားတစ်ဖက်မှာလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကြားဝင်မစွက်ဖက်ဘူးဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်သွားမယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ပြောလာတဲ့ ဒီရက်သတ္တပတ်မှာ Project DragonFly အလှုခံငွေ ဒေါ်လာ ၂ ဒသမ ၂ သန်းအတွက် ရှင်းတမ်းထုတ်တဲ့ NUG အကြောင်း၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO အမှုဆောင်ဒါရိုက်တာကို ဖမ်းဆီးငွေညှစ်တဲ့ PDF နဲ့ ဖျက်သိမ်းခံရတဲ့ NLD ပါတီအကြောင်းတို့ကို တင်ပြပေးချင်ပါတယ်။

ဒေါ်လာ ၂ ဒသမ ၂ သန်းအတွက် ရှင်းတမ်းထုတ်တဲ့ NUG

လေကြောင်းလက်နက်တွေ ဝယ်ယူမယ်ဆိုပြီး Project DragonFly အမည်နဲ့ ကမ္ဘာပတ်အလှူခံချိန်မှာ အလှူခံရလာတဲ့ ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ပတ်သက်လို့ လေယာဉ်ပစ်လက်နက်တွေဝယ်ထားပြီးပါပြီလို့ မနှစ်ကတည်းက NUG ဘက်က ပြောခဲ့တာရှိပေမဲ့ တကယ့်တကယ်တမ်းမှာ ဘယ်လေယာဉ်ပစ်လက်နက်ကိုမှ အရိပ်ကလေးတောင် ထုတ်မပြနိုင်ချိန်မှာ ဒီ Project DragonFly ကို ဦးဆောင်ပြီး အလှူခံတဲ့သူတွေကတော့ အမေရိကန်လိုနိုင်ငံမျိုးမှာ စတိုးဆိုင်တွေ၊ ကုမ္ပဏီတွေထောင်ပြီး ကြီးပွားနေပါပြီ။ တော်လှန်ရေးကိုအကြောင်းပြပြီး အလှူခံတာတစ်ခုနဲ့ ရပ်တည်နေတဲ့သူက အမေရိကန်ကို လက်လွတ်ထွက်ပြေးရလို့ နှစ်နှစ်မပြည့်ခင်မှာ စတိုးဆိုင်တွေ၊ ကုမ္ပဏီတွေနဲ့ ဒီလိုကြီးပွားနေချိန်မှာ အလှူငွေတွေနဲ့ပဲ ရပ်တည်စားသောက်နေရတဲ့ NUG အစိုးရအဖွဲ့ကပါ ပုလင်းတူဘူးစို့တွေလားလို့ ဝေဖန်သံတွေ ထွက်လာတဲ့အဆုံးမှာတော့ NUG က ဒီ ဒေါ်လာ ၂ ဒသမ ၂ သန်းကို ၁ ဒသမ ၄ သန်းက လေကြောင်းရန်ကာကွယ်ရေးသုံးနေပြီး ဒေါ်လာ ၈ သိန်းကတော့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးသုံးနေတာပါလို့ ရှင်းချက်ထုတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးထွက်ရှင်းတာတောင် ရှေ့မှာပြောခဲ့တာနဲ့ နောက်မှာရှင်းပြတာက အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် ရှင်းပြတာတောင် ယုံကြည်ခံရမှုကို မရခဲ့ပြန်ပါဘူး။

ကုလသမဂ္ဂနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO အမှုဆောင်ဒါရိုက်တာကို ဖမ်းဆီးငွေညှစ်တဲ့ PDF

NUG ရဲ့ PDF တွေဟာ လက်နက်တပ်ဆင်ဖို့အတွက် ပြည်သူတွေဆီက တစ်အိမ်ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ဆက်ကြေးတောင်းနေတယ်။ သူတို့တောင်းတဲ့ဆက်ကြေးမပေးရင် ဒလန်လို့ သတ်မှတ်ချေမှုန်းတယ်ဆိုတာက ၂၀၂၁ မေလလောက်ကတည်းက ထွက်လာနေတဲ့ သတင်းပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး NUG က အမြဲတမ်းငြင်းနေခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကိုယ်တိုင်က ဝက်လက် PDF တပ်ရင်း- ၂ က သူတို့အတွက် လက်နက်တပ်ဆင်ဖို့ တစ်အိမ် ၂၀၀၀၀ တောင်းနေတာ ဆက် မဖြစ်ဖို့ ပြောလာတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ဒီလိုမျိုးပြောလာတာက ဘာကြောင့်လဲဆိုရင် ပခုက္ကူဘက်က PDF တွေက ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ပခုက္ကူဒေသခံ NGO ဖြစ်တဲ့ FLYDO (အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း) ရဲ့ အမှုဆောင်ဒါရိုက်တာဦးရဲထွဋ်ကို ဖမ်းဆီးပြီး ကျပ်သိန်း ၅၀၀၀ ငွေညှစ်တောင်းခံတာနဲ့ ဆက်စပ်တာကြောင့် ဖြစ်နိုင်ပါတယ်။ ပခုက္ကူ PDF တွေဟာ NUG အနေနဲ့ ကမ္ဘာကို မျက်နှာပြရခက်စေတဲ့ ဓားပြတိုက်ငွေညှစ်မှုတွေ မကြာမကြာလုပ်တတ်ကြတာနဲ့ ဝက်လက် PDF ကလည်း ဒေသန္တရတပ်တွေကို အမြစ်ဖြုတ်တိုက်ခိုက်နေတာကြောင့်လည်း နှစ်ခုစလုံးကို သတိပေးတာဖြစ်နိုင်ပါတယ်။

“ဒီလအတွင်းမှာ Media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

သေချာတာကတော့ ပခုက္ကူ PDF တွေ ပထမအကြိမ်တုန်းက ဖမ်းဆီးပြီး ငွေညှစ်လိုက်တဲ့ တရုတ်အထည်ချုပ်စက်ရုံ Myanmar Effort အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသူအထည်ချုပ်ပညာရှင် Ms.Gu Zhen Zhen နဲ့ မန်နေဂျာ ဦးမျိုးဇင်ဝင်းတို့ကို ဖမ်းထားတဲ့ PDF လက်က ကျပ်သိန်း ၂၀၀၀ နဲ့ ရွေးယူခဲ့ရတဲ့ဖြစ်စဉ်နဲ့ ကုလသမဂ္ဂနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ FLYDO ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲထွဋ်တို့ကို PDF က ဖမ်းဆီးပြီး ကျပ်သိန်း ၅၀၀၀ နဲ့ ရွေးယူဖို့ ငွေညှစ်တယ်ဆိုတဲ့လုပ်ရပ်က ကုလသမဂ္ဂ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေရတဲ့ NUG အတွက်တော့ SAC ပြောနေသလို NUG PDF တွေက လူသ-တ်၊ လုယက်၊ ဓားပြတိုက်၊ ငွေညှစ်၊ ဆက်ကြေးတောင်းနေတယ်လို့ သက်သေပြနိုင်တဲ့အချက်တွေဖြစ်လာပြီး NUG အတွက်တော့ ကမ္ဘာ့အလယ်မှာ ဖျက်မရတဲ့ အမဲစက်တွေ စွန်းထင်းစေမှာပါ။ ပိုဆိုးတာကတော့ ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် FLYDO အမှုဆောင်ဒါရိုက်တာကို PDF က ဖမ်းဆီးငွေညှစ်နေရုံတင်မက မိသားစုကပါ PDF ကြောက်နေရတယ်ဆိုတာ သိသွားချိန် ဖြစ်လာမှာတွေပါ။

ဖျက်သိမ်းခံရတဲ့ NLD

သတ်မှတ်ကာလအတွင်းမှာ မှတ်ပုံပြန်မတင်ခဲ့တာကြောင့် NLD ပါတီဟာ လက်ရှိအချိန်မှာတော့ တရားဝင်ပါတီအဖြစ်က ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။ တရားဝင်ပါတီအဖြစ်ရပ်တည်နေတဲ့ ပါတီ ၉၀ ရှိတဲ့အထဲမှာ မှတ်ပုံပြန်တင်တဲ့ ပါတီက ၅၀ ရှိပြီး မှတ်ပုံပြန်မတင်လို့ တရားဝင်ပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်ရတဲ့ပါတီ ၄၀ ရှိပေမဲ့ ဒီ ၄၀ ထဲမှာတော့ NLD နဲ့ SNLD ကပဲ လူသိတဲ့ပါတီတွေအဖြစ် ရပ်တည်နေပြီး ကျန်တဲ့ပါတီတွေက လူမသိ သူမသိပါတီငယ်လေးတွေလို့ ပြောရမှာပါ။ တစ်ဖက်မှာလည်း ပါတီအသစ် ၁၃ ခု ထပ်မံလျှောက်ထားခဲ့တာကြောင့် တရားဝင်ပါတီဟာ ၆၃ ခုအထိ ရှိနေပြီလို့ ကနဦးပြောရမှာဖြစ်သလို ထပ်လည်းတိုးလာနိုင်တဲ့အခြေအနေပါ။ ဒီအထဲမှာ ပါတီ ၁၂ ခုလောက်က ပြည်ထောင်စုအဆင့်မှာ ယှဉ်ပြိုင်မှာဖြစ်လို့ တိုင်းနဲ့ပြည်နယ်တွေပြိုင်မဲ့ပါတီကတော့ ၅၀ ကျော်ရှိလာဦးမှာပါ။

မြန်မာပြည်မှာက NLD ပါတီဝင် ၁၂ သန်းလောက်ရှိတယ်လို့ပြောကြပြီး လက်ရှိအချိန်မှာ တရားဝင်မြေပေါ်နိုင်ငံရေးပါတီအဖြစ်ကနေ မြေအောက်နိုင်ငံရေးကို ကူးပြောင်းသွားတဲ့ CRPH၊ NUG၊ PDF တစ်သိန်းကျော်ကို မပြောရဲခဲ့တဲ့ NLD ပါတီဝင် ၁၂ သန်းလောက်ဟာ တရားမဝင်ဖြစ်သွားတဲ့ သူတို့ပါတီရဲ့ အကွဲအပြဲနဲ့ NLD ကနေ တခြားပါတီကူးပြီး ရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေကို ရင်နာနာနဲ့ ထိုင်ကြည့်နေရဦးမှာပါ။ တစ်ဖက်မှာလည်း လက်နက်ကိုင် NUG ဟာ EAOs တွေကို အတုယူပြီး လက်နက်ကိုင်တစ်ဖွဲ့၊ နိုင်ငံရေးတစ်ဖွဲ့ဆိုတဲ့ တွေ့ဆုံညှိနှိုင်းမှုလမ်းကြောင်းကို တက်လာနိုင်ပါသေးတယ်။ ဒီလိုမျိုး ညှိနှိုင်းမယ်လို့လည်း NUG ယာယီသမ္မတဒူဝါလရှီးလကိုယ်တိုင်ကလည်း ပြောထားဖူးခဲ့တာကြောင့် မြန်မာနိုင်ငံရေးလောကမှာ NLD ဆိုတာ ထာ၀ရပျောက်ကွယ်သွားပြီး NUG ဆိုတာပဲ ပေါ်ထွက်လာတော့မလားဆိုတာကတော့ သိပ်မကြာခင်အချိန်မှာ သိရမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *