ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှ ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို SAC ဥက္ကဋ္ဌ လက်ခံရယူ

MT News
၄. ၄. ၂၀၂၃

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ကို ဧပြီ ၃ ရက်တွင် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုချီးမြှင့်ခဲ့သလို ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှ ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကိုလည်း SAC ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇေယျကျော်ထင် တိုးရီက ဘွဲ့တံဆိပ်ပေးအပ်သည့် အမိန့်ကို ဖတ်ကြားတင်ပြပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအား တွေ့ဆုံဂုဏ်ပြုခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ မိမိအနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံး တမ်းစဉ်လာများကို လေ့လာသင်ကြားခဲ့ကြောင်း၊ ရုရှားဇာဘုရင် ပထမ အလက် ဇန်းဒါးလက်ထက် ၁၈၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် သမိုင်းအရှည်ကြာ ဆုံးနှင့် အကြီးမားဆုံး အရှေ့တိုင်းတက္ကသိုလ်ကြီးတွင် မိမိနှင့် ပါမောက္ခပညာရှင် များသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတ မှုကို အခြေခံသည့် နိုင်ငံရေးပွင့်လင်းမြင်သာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ သိပ္ပံနှင့် နည်းပညာကဏ္ဍအပါအဝင် မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက် လျက်ရှိပါကြောင်း၊  မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုနယ်ပယ် အပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှုများတွင် အဆွေတော်၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ ဘွဲ့တံဆိပ်အား ချီးမြှင့်အပ်နှင်းခွင့် ပြုပါစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား “ဂုဏ်ထူး ဆောင် ဒေါက်တာဘွဲ့”ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *