ချင်း PDF နှစ်ဖွဲ့၏ အပြန်အလှန်စွပ်စွဲပြစ်တင်မှုသည့် ထုတ်ပြန်ချက်များကို တွေ့ရစဥ်

၁၁. ၁၀. ၂၀၂၂

Written by Nay Moe

NUG ဩဇာခံ MATC-MDF နှင့် CDF-Mara ချင်း PDF နှစ်ဖွဲ့အကြား အောက်တိုဘာ ၉ ရက်မှ စတင်ဖြစ်ပွားနေသည့် တိုက်ခိုက် ပစ်ခတ်မှုများကြောင့် ငဖိုင်ပီးကျေးရွာပြည်သူ ၆၅၀ ခန့် အိန္ဒိယဘက် စစ်ရှောင်နေရကြောင်း သိရသည်။

ချင်း PDF နှစ်ဖွဲ့အကြား အပြန်အလှန်စွပ်စွဲတိုက်ခိုက်နေမှုအပေါ်  ”သတင်းဖော်ပြပြီး” ဖြစ်ပြီး လက်ရှိ အောက်တိုဘာ ၉ ရက် တိုက်ပွဲအပေါ် NUG က ပံ့ပိုးထောက်ပံ့နေသော MATC ( မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ )၊ MDF ( မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ ) က သတင်းထုတ်ပြန်ရာတွင် CDF – Mara ခေါ် လူတစ်စုက မရာနယ်မြေအတွင်းရှိ ပြည်သူများအား ၎င်းတို့လက်အောက်သို့ အတင်းငုံ့လျှိုးစေနိုင်ရန် အကြောင်းအမျိုးမျိုးဖန်တီးလျှက် ပြည်သူများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ လက်နက်ပြ၍ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ ခရီးသွားလာခွင့် လက်မှတ်များဝယ်ယူစေခြင်း၊ ပြစ်ဒဏ်အဖြစ် ငွေကြေးအမြောက်အမြား ပေးလျော်စေခြင်းနှင့် MATC ခေါင်းဆောင်များကို လူပုဂ္ဂိုလ်နာမည်တပ်၍ အရေးယူမှုပြုလုပ်ရန် သတိပေးခြင်းများ ပြုလုပ်နေသည်ကို မရာပြည်သူများ အသိပင်ဖြစ်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ငဖိုင်ပီးကျေးရွာသို့ လက်နက်ဖြင့် ဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကို ညတွင်းကြီးတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။ ထိုဖြစ်ရပ်ကို မခံမရပ်ဖြစ်သည့် လူငယ်များက ရပ်ရွာလုံခြုံရေး အကျိုးသယ်ပိုးနိုင်ရန် MDF ဌာနချုပ်သို့ သွားရောက်အကူအညီတောင်းခံပြီး အခြေခံစစ်သင်တန်း တက်ရောက်ခဲ့ကြသည်။ ဤသတင်းကို ကြားသိသည့် CDF Mara ခေါ် လူတစ်စုက ထိုလူငယ်များအပေါ် အရေးယူမှုပြုလုပ်နိုင်ရန် ၎င်းတို့ အပြန်ခရီးလမ်းကို ပိတ်ဆို့ပြီး လမ်းခုလတ်တွင် ကင်းစောင့်ခြင်းများ ပြုလုပ်ကြသောကြောင့် သင်တန်းဆင်းပြီးသည့် လူငယ်များသည် လက်နက်မပါဘဲ မိမိတို့ရပ်ရွာသို့ ပြန်သွားရန် မဖြစ်တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။ ထိုအခါ MDF ရဲဘော်များ၏ အကူအညီဖြင့် တောလမ်းမှ ရပ်ရွာသို့ ပြန်သွားကြသည်။ MDF တပ်ဖွဲ့မှ ကျေးရွာလူငယ်များ ၎င်းတို့ရပ်ရွာအရောက် စေလွှတ်လာသည်ကို CDF-Mara ခေါ် လက်နက်ကိုင်လူတစ်စုက ၎င်းတို့စခန်းကို သိမ်းပိုက်ရန် လာရောက်ကြခြင်းဖြစ်သည်ဟု တမင်အကြောင်းပြစွပ်စွဲပြီး ၎င်းတို့ အနီးအနားရှိ ချင်းမျိုးနွယ်စု CDF တပ်ဖွဲ့အား စစ်ကူပေးရန် အကူအညီ တောင်းခံကြသည်။ CDF(ZZLMS) အဖွဲ့၀င်များဖြစ်ကြသည့် CDF(ZZLMS) တပ်ဖွဲ့များက မြေပြင်အခြေအနေ အဖြစ်အမှန်ကို လေ့လာသုံးသပ်ခြင်းမပြုလုပ်ဘဲ CDF-Mara ခေါ် လူတစ်စုကို ကူညီမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြသည်။ ဤသို့ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့တွင် ငဖိုင်ပီးကျေးရွာသို့ ရောက်ရှိကြသော လူငယ်များနှင့် MDF ရဲဘော်များကို ပစ်ခတ်သည်ဟု အကြောင်းပြုကာ ငဖိုင်ပီးကျေးရွာထဲသို့ ကျေးရွာပြင်ပမှ သေနတ်များ တလစပ် ပစ်ခတ်ခဲ့ကြသည်။ လက်နက်မဲ့ ကလေးသူငယ်များနှင့် မိဘပြည်သူများ အသက်လုံခြုံရေးကို တစ်စက်မှမမှုပဲ ငဖိုင်ပီးကျေးရွာထဲသို့ စီးနင်းကာ သေနတ်စတင်ပစ်ခတ်သူများမှာ CDF – Mara သေနတ်ကိုင်လူတစ်စုသာ ဖြစ်ကြောင်း သတင်း ဖြစ်ရပ်အမှန်ကို ထုတ်ပြန်အပ်သည်ဟု MATC- MDF က ဆိုသည်။

ကျေးရွာအတွင်း ပစ်ခတ်မှုများဖြစ်ပွားမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် မိဘကလေးငယ်များ အသက်အန္တရာယ်ဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် MDF ရဲဘော်များသည် ကာပစ်ကျည် တချက်နှစ်ချက် ပစ်ခတ်ရင်း ကျေးရွာပြင်ပသို့ ဆုတ်ခွာပေးခဲ့ရသည်။

လက်ရှိတွင် ပစ်ခတ်မှုဖြစ်ပွားသည့် ငဖိုင်ပီးကျေးရွာမှ ကလေးသူငယ်သက်ကြီးရွယ်အိုများအပါဝင် လူဦးရေ (၆၅၀) ခန့်သည် အိန္ဒိယဖက်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့ကြောင့် ဤပစ်ခတ်မှုကြောင့်ဖြစ်ပွားသည့် အကျိုးဆက်များအားလုံးသည် CDF – Mara ခေါ် လက်နက်ကိုင် လူတစ်စုတွင် လုံးဝ တာ၀န်ရှိကြောင်းနှင့် CDF – Mara ခေါ် လက်နက်ကိုင်လူတစ်စု လုပ်ရပ်များအပေါ် မကျေနပ်သည့် မရာနယ်မြေကျေးရွာမှ မရာပြည်သူ အယောက် ၃၀၀ ခန့်သည် ရရာလက်နက်များ စွဲကိုင်လျှက် CDF–Mara ခေါ် သောင်းကျန်းသူများကို ခုခံတိုက်ဖျက်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

MATC- MDF အဖွဲ့က CDF-Mara ( Chinland Defence Force – Mara ) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော CDM ရဲတပ်သားတစ်ဦးကို သတ်ဖြတ်မှုနှင့် အခြားအဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ZZLMS ညီနောင်ငါးဖွဲ့ပါ မရာမျိုးနွယ်စုချင်း PDF နှစ်ဖွဲ့အကြား “ပါဝင်လာပြီး” ဟု ” သတင်းဖော်ပြပြီး” လက်ရှိတွင် NUG ဩဇာခံ MATC-MDF အဖွဲ့နှင့် CDF (Mara) ဦးဆောင်သော ZZLMS ညီနောင် ငါးဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ပြည်သူများကို လုယက်တိုက်ခိုက်နေသည်ဟုဆိုကာ CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့အကြား စွပ်စွဲတိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေကြောင်း အဆိုပါ ချင်း PDF နှစ်ဖွဲ့၏ အပြန်အလှန်ထုတ်ပြန်ချက်များအရ သိရပြီး လက်ရှိဖြစ်စဥ်များအပေါ် CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ယနေ့အချိန်အထိ တုံပြန်ဖြေဆိုမှုမရှိသေးချေ။

NUG ၏ လက်အောက်ခံအဖြစ် ရောက်မလာသော LPDF များအား တိုက်ခိုက်သုတ်သင်ရန် NUG က ညွှန်ကြားထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် NUG ၏ ဩဇာခံ PDF အဖွဲ့အစည်းများနှင့် ပကဖအဖွဲ့တို့က LPDF အဖွဲ့များကို လိုက်လံတိုက်ခိုက်နေကြပြီး အဆိုပါဖြစ်စဥ်များအပေါ် NUG မှ ဦးရည်မွန်က PDF၊ ပကဖ နှင့် LPDF များ ညီညွတ်ကြရန် ပြောဆိုသည်မှအပ LPDF များကို လိုက်လံတိုက်ခိုက်နေသော ၎င်းတို့ NUG ၏ ဩဇာခံ PDF များနှင့် ပကဖများကို အရေးယူမှုမပြုကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *