၂. ၄. ၂၀၂၃
Written by Phyo Wei

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက သိသိသာသာကျဆင်းသွားပေမဲ့ GDP ကတော့ တိုးတက်နေပြီး လက်ရှိဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာမယ်လို့ ကမ္ဘာ့ဘဏ်က ထပ်ပြောလာတဲ့ ဒီရက်သတ္တပတ်မှာ NUG နဲ့ PDF တွေဖျက်ဆီးခဲ့တဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ရုရှားနဲ့ လုပ်ဆောင်မဲ့ လေအားလျှပ်စစ်ကဏ္ဍက Wind Farm တွေ တည်ဆောက်ဖို့ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Rosatom State Corporation ရဲ့ လက်အောက်ခံ NovaWind JSC ကုမ္ပဏီနဲ့ မြန်မာနိုင်ငံအခြေစိုက် Primus Advanced Technologies Ltd ကုမ္ပဏီတို့ သဘောတူညီစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး လျှပ်စစ်ဓာတ်အား ၁၇၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိမဲ့ Wind Farms တွေ တည်ဆောက်မဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ NUG နဲ့ PDF တွေ တာဝါတိုင်တွေ၊ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေ မဖျက်ဆီးခင်က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၇၀၀၀ ကျော်ရှိပြီး တာဝါတိုင်တွေ အကြိမ် ၂၀၀ ကျော် ဖျက်ဆီးခံရမှု၊ မီတာခတွေ မဆောင်ကြတာနဲ့ LNG တွေ ဒေါ်လာစျေးတွေ မြင့်တက်လာမှုနောက်မှာတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၃၀၀၀ ပတ်လည်အထိ ကျဆင်းသွားရတဲ့အခြေအနေမှာ ရုရှားက မြန်မာနိုင်ငံအတွက် လုပ်ဆောင်လာမဲ့ လျှပ်စစ်ဓာတ်အားစီမံကိန်းတွေဟာ ဖျက်ဆီးခံရတဲ့အခြေအနေတွေကို ပြန်ပြီးတော့ ကုစားနိုင်ပါ့မလား တွေးစရာ ဒီရက်သတ္တပတ်မှာ ဖိအားတွေကြားက ဆက်နေဖို့နည်းလမ်းရှာနေတဲ့ အထည်ချုပ်ကဏ္ဍက ကုမ္ပဏီကြီးတွေအကြောင်း၊ ယွမ်နဲ့ ဘတ်ကို ပိုမို အသက်သွင်းလာတဲ့နယ်စပ်ကုန်သွယ်မှုအကြောင်းနဲ့ ရည်ညွှန်းငွေလဲနှုန်းပြောင်းလဲသတ်မှတ်ဖို့ မရှိသေးတဲ့ ဗဟိုဘဏ်အကြောင်းတွေကို တင်ပြချင်ပါတယ်။

ဖိအားတွေကြားက ဆက်နေဖို့နည်းလမ်းရှာနေတဲ့ အထည်ချုပ်ကဏ္ဍ

SAC ကြောင့် စီးပွားရေးလည်ပတ်မှုတစ်ခုလုံး ပျက်သုဉ်းသွားတယ်လို့ သက်သေပြချင်တဲ့ NUG ရဲ့ ​တိုက်ခိုက်မှုတွေမှာ အထိနာတာကတော့ မြန်မာပြည်သူတွေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ NUG ရဲ့ ဖိအားပေးမှုတွေကြောင့် အထည်ချုပ်ကဏ္ဍမှာ Primark ထွက်ခွာသွားလို့ ပြည်သူ ၂၅၀၀ လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသလို ဒီတစ်ပတ်မှာလည်း ကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်တဲ့ Uniqlo နဲ့ Mark & Spencer တို့ ထွက်ခွာမှာဖြစ်တာကြောင့် အလုပ်သမား သောင်းဂဏန်းလောက် အလုပ်လက်မဲ့ဖြစ်ကြရဦးမှာပါ။ NUG က ဖိအားပေးလေ အထည်ချုပ်တွေထွက်လေ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်လေ ဖြစ်နေရပေမဲ့ ဒီလိုမျိုး ထွက်ခွာမှုတွေဟာ မြန်မာပြည်သူတွေပဲ အဓိကနစ်နာရတာကြောင့် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ဆက်လုပ်နေဖို့ကြိုးပမ်းနေတဲ့ အသိဉာဏ်မြင့် နိုင်ငံခြားကုမ္ပဏီတွေလည်း ရှိနေပါသေးတယ်။

NUG ရဲ့ ဖိအားပေးမှုတွေက မဖြစ်သင့်တဲ့အရာတွေဖြစ်နေပြီး သူတို့ကြောင့် လုပ်ငန်းတွေထွက်လေ၊ မြန်မာပြည်သူတွေ နစ်နာလေဖြစ်နေရတဲ့ ဒီလိုမျိုးအသိဉာဏ်မဲ့ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ၊ နည်းလမ်းရှာပြီး မြန်မာပြည်မှာ ဆက်နေဖို့ ကြံဆနေတဲ့ ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီတွေထဲမှာ စပိန်က Inditex နဲ့ ဆွီဒင်က H&M လို အဝတ်အထည်လက်လီရောင်းချရေးကုမ္ပဏီကြီးတွေပါဝင်ပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar) က အလုပ်အကိုင်အတွက် သင့်တော်တာတွေကို အဆင့်မြှင့်နိုင်ဖို့ ကွန်ရက်တစ်ခုကိုဖွဲ့စည်းခဲ့ပြီး ဒီကွန်ရက်က အလုပ်အကိုင်အခြေအနေတွေကို ကြီးကြပ်ဖို့ မူဘောင်တစ်ခုကို ဖန်တီးမှာဖြစ်ပါတယ်။

“ဒီအချိန်မှာ အဝတ်အထည် ကုမ္ပဏီတွေက ဆက်လက်မလုပ်ဆောင်ဘဲ လက်တွဲဖြုတ်ခဲ့ကြမယ်ဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် အခြေအနေတွေ ပျက်စီးဆုံးရှုံးမှုကိုပဲ ဦးတည်စေမှာဖြစ်တယ်။ အလုပ်လက်မဲ့တွေပိုများဖို့ ဖန်တီးသလိုပဲဖြစ်လိမ့်မယ်” လို့ EuroCham Myanmar ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် ကာရီနာ ယူဖတ်က ပြောခဲ့ပါတယ်။

ယွမ်နဲ့ ဘတ်ကို ပိုမို အသက်သွင်းတဲ့နယ်စပ်ကုန်သွယ်မှု

စားသောက်ကုန်၊ ယာဥ်၊ အီလတ်ထ‌‌ရောနစ်ပစ္စည်း၊ တယ်လီဖုန်း (အုပ်စု ၅) စတာတွေအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ လိုင်စင်လျှောက်ထားမှု ၅၀ ရာခိုင်နှုန်းကို ဘတ် (ဒါမှမဟုတ်) ယွမ်ငွေနဲ့ ခွင့်ပြုမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။

“အခုက ဒေါ်လာကျစ်တဲ့အတွက် သွင်းကုန်လိုင်စင်လျှောက်ရင် ပါမစ်ချမပေးတော့ဘူး။ ချမပေးတဲ့အတွက် ကျွန်တော်တို့က အခုသွင်းကုန်သွင်းရင် သင်္ဘောလိုင်းကမရဘူး။ အဲဒီတော့ နယ်စပ်ကို ပြေးရတယ်။ နယ်စပ်ပြေးတော့ ဟိုဘက်အပေါက်က ယွမ်ရှိမယ်။ ဒီဘက်အပေါက်က ဘတ်ရှိမယ်။ ယွမ်နဲ့ဘတ်ပါ မျှသုံးခိုင်းတာ။ ဆိုလိုတဲ့သဘောကတော့ ဒေါ်လာကို ကျစ်လိုက်တဲ့သဘောပဲ။ အခုပြောထားတဲ့ ကုန်ပစ္စည်းတွေက အရေးကြီးတင်သွင်းခွင့် နံပါတ် ၁ ကနေ နံပါတ် ၅ အထိရှိတယ်။ အဲဒီမှာ ဆေးဝါးက ၁၊ စားသောက်ကုန်က ၂ ၊ အထည်အလိပ်က ၃၊ ဆောက်လုပ်ရေးက ၄ ၊ အခြားက ၅ ပေါ့။ ဥပမာ စားသောက်ကုန်သွင်းမယ်ဆိုရင် အလွယ်တကူခွင့်ပြုတယ်။ ဒါပေမဲ့ သင်္ဘောနဲ့စာရင် နယ်စပ်ကနေခွင့်ပြုချင်တာ။ တရုတ်ဘက်က ယွမ်ရှိမယ်။ ထိုင်းဘက်က ဘတ်ရှိမယ်။ အဲဒါတွေကို မျှသုံးလို့ရမယ်။ အဲဒီသဘောပါပဲ” လို့ သွင်းကုန်လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေကြေးကနေ ဖယ်ထုတ်ဖို့ကြိုးပမ်းလာချိန်၊ အမေရိကန်ကိုယ်တိုင်ကလည်း အကြောင်းအမျိုးမျိုးပြပြီး သူ့ဒေါ်လာ ကင်းမရတဲ့ မြန်မာနိုင်ငံကို ပညာမျိုးစုံပြဖို့ကြိုးပမ်းလာချိန်မှာ ယွမ်နဲ့ ဘတ်ကို အထူးပြုသုံးစွဲခိုင်းမှုက ဒေါ်လာတစ်ခုတည်းကို မှီခိုနေရတဲ့အခြေအနေက ကင်းလွတ်စေမှာပါ။ ပိုပြီးတော့ ကောင်းစေချင်ရင်တော့ ပြည်တွင်းမှာ ဒေါ်လာနဲ့ ကောက်ခံရောင်းချနေတဲ့ နိုင်ငံတကာကျောင်းတွေ၊ ဟိုတယ်တွေ၊ လေဆိပ်တွေ စတဲ့ နေရာမှန်သမျှကိုပါ ကျပ်ငွေကိုပဲ သုံးဖို့၊ ကျပ်ငွေသာ ကောက်ခံဖို့ ဒေါ်လာ ကောက်ခံရင် ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ ညွှန်ကြားပြီးတော့ အမှန်တကယ်သာ စံပြအဖြစ် အရေးယူပြနေမယ်ဆိုရင် ဒေါ်လာကို အထူးပြုသုံးစွဲနေရတဲ့ (Dollarization) နိုင်ငံအဖြစ်ကနေ မြန်မာနိုင်ငံကင်းလွတ်သွားပြီး အမေရိကန် ဘာဖိအားပေးပေး ဂယက်ရိုက်တော့မှာ မဟုတ်ပါဘူး။

ရည်ညွှန်းငွေလဲနှုန်းပြောင်းလဲသတ်မှတ်ဖို့ မရှိသေးတဲ့ ဗဟိုဘဏ်

လက်ရှိအခြေအနေမှာ တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကို လုံး၀ပြောင်းလဲမှာမဟုတ်ဘူးလို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင်အသိပေးလာပါတယ်။

“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီး တစ်ဒေါ်လာကို ၂၁၀၀ စျေး သတ်မှတ်ထားပါတယ်။ ၂၁၀၀ စျေးနှုန်းသတ်မှတ်ထားမှုနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖိုမရှိသေးကြောင်း ပြောကြားလိုပါတယ်။ ပြင်ဆင်ပြောင်းလဲဖို့ အစီအစဥ်မရှိသေးပါဘူး ခင်ဗျ။ နောက်တစ်ချက်က တချို့သောနိုင်ငံခြားဘဏ်များနဲ့ပတ်သက်ပြီး အရင်အပတ်လောက်ကတည်းက ကောလာဟလထွက်နေတာရှိပါတယ်။ တချို့သော နိုင်ငံခြားဘဏ်တွေပေါ့။ မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေ လက်မခံတော့ဘူးပြောနေတာရှိပါတယ်။ လက်တွေ့မှာတော့ ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်။ ပုံမှန်လည်ပတ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေးစနစ်နဲ့ပတ်သက်ပြီး ဒါကိုဦးတည်ပြီးတိုက်ခိုက်နေတာများပါတယ်။ အရင်တုန်းကလည်း ဘဏ်လုပ်ငန်းစနစ်ပြိုကွဲအောင်တိုက်ခိုက်တာတွေရှိတယ်။ ပြီးရင် ငွေရေးကြေးရေးစနစ်ကို တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလိုတာက ပြည်သူလူထုအနေနဲ့ ဒီလိုကောလာဟလတွေကို မယုံကြဖို့၊ ဗဟိုဘဏ်ငွေရေးကြေးရေးအဖွဲအစည်းတွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ဒေါ်လာစျေးမြင့်တက်ဖို့ စျေးကစားသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာကိုဗစ်ကပ်၊ ယူကရိန်း-ရုရှားစစ်တွေအပြင် ပြည်တွင်းစစ်နဲ့ အာဏာပဋိပက္ခကို တည်မှီပြီး ဒေါ်လာစျေး ဆွဲတင်ဖို့ကြံရွယ်သူတွေက တစ်ဒေါ်လာ ၅၅၀၀၊ ၆၀၀၀ အထိဖြစ်ပြီး ပြည်သူတွေ ကျပ်တည်းငတ်ပြတ်အောင် လတ်တလောတင် ကြံဆခံရဖူးပါတယ်။ အချိန်မီထိန်းကျောင်းနိုင်လို့သာ လက်ရှိအချိန်မှာ တစ်ဒေါ်လာ ၂၈၆၀ လောက်မှာ ငြိမ်သက်နေတာဖြစ်ပါတယ်။ တကယ်လို့သာ ထိန်းကျောင်းနိုင်မှုမရှိခဲ့ရင် လက်ရှိအချိန်မှာ တစ်ဒေါ်လာ ၁၀၀၀၀ လောက်တောင် ဆွဲတင်ခံရသွားနိုင်ပါတယ်။ ဒီလိုမျိုး အဆမတန်စျေးဆွဲတင်နိုင်လေ ပြည်သူတွေ ကျပ်တည်းဆန္ဒပြပြီး နိုင်ငံရေးအကျပ်အတည်းကို ဖန်တီးလေအခြေအနေနဲ့ ဆူပူအုံကြွမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လာစျေးဆွဲတင်ချင်လို့ ကောလာဟလတွေ ဖန်တီးနေသူတွေဟာ ဒီလိုမျိုးနိုင်ငံရေးရည်ရွယ်ချက်ပါဝင်နေတာမို့လို့ ဒေါ်လာစျေးဆွဲတင်ချင်နေတဲ့ ဘဏ်တချို့၊ လုပ်ငန်းရှင်တချို့ကို ဟန့်ရုံလောက်သတိပေး၊ ကြေညာချက်ထုတ်ပြီး ခြောက်နေတာမျိုးထက် စံပြအဖြစ် အမှန်တကယ်အရေးယူသင့်ပါတယ်လို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *