၃. ၄. ၂၀၂၃

Written by Nay Aung

အင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးသည် မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးထားခြင်းကို ခံနေရကြောင်း အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား အစည်းအရုံး (SBMI) က ပြောသည်။

အဆိုပါအဖွဲ့သည် ၎င်းတို့ထံတိုင်ကြားထားသော အချက်အလက်မှတ်တမ်းများကို အခြေခံပြီး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

လူကုန်ကူးခံရသူတစ်ဦး၏ မိသားစုဝင်က “ကျွန်တော်ရဲ့သားဟာ အလုပ်လုပ်ဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အင်ဒိုနီးရှားနိုင်ငံကထွက်သွားခဲ့တယ်။ ကျွန်တော့်ရဲ့သားဟာ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းတစ်ခုလုပ်နေတယ်လို့ ထင်မိခဲ့တယ်။ဒါပေမယ့်လည်း သားဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရချိန်မှာ မြန်မာနိုင်ငံမှာအလုပ်လုပ်နေရပြီး မကြာခဏညှင်းပန်းနှိပ်စက်ခံရတဲ့သတင်းကိုကြားသိချိန်မှာ အံအားသင့်တုန်လှုပ်မိခဲ့တယ်။ ကျွန်တော့်ရဲ့သားဟာ မြန်မာလူကုန်ကူးဂိုဏ်းတွေလက်ထဲ ပိတ်မိနေချိန်အတွင်း လျှပ်စစ်ရှော့ခ်အတိုက်ခံရတာ၊သွေးထွက်တဲ့အထိ ခုံနဲ့ ရိုက်နှက်ခံရတာမျိုးတွေရှိခဲ့တယ်လို့ သိခဲ့ရပါတယ်”ဟုဆိုသည်။

SBMI အဖွဲ့၏ဥက္ကဋ္ဌ ဟာရီယမ်တို ဆူဝါနိုက ၎င်းတို့ရရှိထားသော သတင်းအချက်အလက်များအရ မြန်မာလူကုန်ကူးအုပ်စုများထံ ပိတ်မိဖမ်းဆီးခံနေရသောအင်ဒိုနီးရှားနိုင်ငံသား အနည်းဆုံး ၂၀ ဦးခန့်ရှိနေပြီး ၎င်းတို့အားလုံးသည် ထိုင်းနိုင်ငံကို အရင်ရောက်ရှိပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ ရေလမ်းဖြင့် ပို့ဆောင်ခံခဲ့ရကြောင်း ပြောသည်။

“အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိခဲ့ပြီး အစောင့်အရှောက်တွေနဲ့အတူ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသကို ပို့ဆောင်ခံရတယ်လို့ လူကုန်ကူးခံရသူတွေကပြောပါတယ်။ အစောင့်အရှောက်တွေဟာ ယူနီဖောင်းတွေဝတ်ထားတယ်လို့ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကဝန်ခံပြောဆိုထားတယ်” ဟု ဆူဝါနိုက ထုတ်ဖော်ပြောဆိုထားသည်။

လူကုန်ကူးခံရသော အင်ဒိုနီးရှားနိုင်ငံသားများသည် ထိုင်းနိုင်ငံရှိ စတော့အိတ်ချိန်းတွင် ကွန်ပြူတာနှင့်ပတ်သက်သောအလုပ်လုပ်ရမည်ဟု မက်လုံးပေးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ရရှိထားတဲ့သတင်းအချက်လက်တွေအရဆိုရင် အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ခေါ်ဆောင်ချိန်က ပြောဆိုတဲ့အလုပ်နဲ့လက်တွေ့ လုပ်နေရတဲ့အလုပ်တွေက ကွာခြားနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားတွေဟာ အွန်လိုင်း Crypto ဝက်ဘ်ဆိုတ်တွေကတစ်ဆင့် Target Contacts ကို ရရှိနိုင်ဖို့ နံနက် ၈ နာရီကနေ ည ၁ နာရီအထိ အလုပ်လုပ်နေရတယ်။သတ်မှတ်ထားတဲ့ Target Contacts မျိုးမရဘူးဆိုရင် ဒိုက်အကြိမ်ရေ ၅၀ ကနေ ၂၀၀ အထိ ထိုးရတာမျိုး၊ ကြိုးအကြိမ်ရေ ၅၀ ကနေ ၂၀၀ အထိခုန်ရတာမျိုး၊ လျှပ်စစ်ဝါယာရှော့ခ်တိုက်ခိုက်ခံရတာမျိုးတွေ၊ ရိုက်နှက်ခံရတာမျိုးတွေ ရင်ဆိုင်နေရတယ်” ဟု ဆူဝါနိုက ပြောသည်။

Ref—- indonesiavoice

Leave a Reply

Your email address will not be published. Required fields are marked *