မှားယွင်းပစ်ခတ်မှုကြောင့် တောင်းပန်ကြောင်း NUG ဩဇာခံ မြိတ် PDF စာထုတ်

၂. ၄. ၂၀၂၃
Written by Nay Moe

ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံးပြီးငါးဦးခန့် ဒဏ်ရာရသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်ကို NUG ၏ မြိတ် PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့မှားယွင်းပစ်ခတ်မှုကြောင့် တောင်းပန်ကြောင်း NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်-တပ်ရင်း -၂ (People’s Defense Force – Myeik District) က ယနေ့တွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် တနင်္သာရီမြို့နယ် ဆင်ခြေဖုံးအုပ်စု လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးအုပ်စု၊ တမုတ်ချုံးကျေးရွာအကြား မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ် ဒေသအခေါ် ချောင်းဇောက်တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာလာသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဥ်အား လမ်းမကြီး၏အနောက်ဖက်ရာဘာတောအတွင်းမှ PDF များက လက်နက်ငယ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ရာ ယာဥ်ပေါ်ပါ ခရီးသည်များအနက်  မယဥ်သဇင်အောင် အသက် (၇) နှစ်၊ ပုလုံးတုံးတုံးကျေးရွာ ကော့သောင်းမြို့နယ်နေသူနှင့် ဒေါ်ခင်မာကြည် အသက် (၄၅) နှစ် ရှော်တောမော်ကျေးရွာ ကျွန်းစုမြို့နယ်နေသူတို့ (၂) ဦး လက်နက်ငယ်ထိမှန်သေဆုံးပြီးသံဃာတော် (၂) ပါးနှင့်အမျိုးသား (၂) ဦးပေါင်း (၄) ဦးလက်နက်ငယ်ထိမှန်ဒဏ်ရာများရှိခဲ့ကြောင်း သိရသည်။

“လမ်းဘေးဝဲယာကနေ သေနတ်တွေနဲ့ ဝိုင်းပစ်လို့ ကားကလမ်းဘေးထိုးကျသွားချိန် ၁၅ မိနစ်လောက် တစ်ကားလုံးငြိမ်ကျသွားချိန်မှ သူတို့ကရောက်လာတယ်။ တံခါးဖွင့်ခိုင်းတော့ ကျွန်တော်တို့သာမန်ခရီးသည်ယာဥ်ပါဆိုတော့ ကားပေါ်တက်စစ်တယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးထိုးပေးပြီး ဘာမှမပူနဲ့။ ခဏနေ လူနာတင်ကားတွေရောက်လာလိမ့်မယ်ပြောပြီး သူတို့ပြန်ဆင်းသွားတယ်”ဟု မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်တွင် လိုက်ပါလာသူတစ်ဦးက ယင်းတို့အား PDF များပစ်ခတ်မှုအခြေအနေကို ရှင်းပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်ကို ပစ်ခတ်သည့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၂) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲများက မှားယွင်းပစ်ခတ်မိကြောင်း၊ ထိုလမ်းပိုင်းများအား ယာယီသွားလာခွင့်ပိတ်ခဲ့ပြီး ပြည်ထောင်စုလမ်း များပေါ် သွားလာခြင်းမပြုကြရန် ကြိုတင်၍ အသိပေးချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း မှားယွင်းပစ်ခတ်မိသည့် ည ၈ နာရီခန့်အချိန်သည် အရပ်သားပြည်သူများ သွားလာနိုင်သည့် အချိန်မဟုတ်သည့်အပြင် SAC ၏ စစ်ကူများ သွားလာမည်ဟု သတင်းရရှိထားသည့်အတွက် PDF များက စောင့်ဆိုင်း နေကြသည့် အချိန်ဖြစ်ကြောင်း၊ ကားအား ရပ်နားရန် သတိ ပေးပစ်ခတ်သည့်အချိန်တွင် မရပ်နားသည့်အတွက် ရန်သူများအသွင်ယူသွားလာသည်ဟုယူဆကာ မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း၊ အထက်ပါ ဖြစ်စဉ်များကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးရသည့်အပေါ် မိသားစု နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကာယကံရှင်နှင့် မိသားစုများကို အနူးအညွှတ် တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂ က ယနေ့ညနေတွင် ထုတ်ပြန်ထားသည်။

မြိတ်-ကော့သောင်းခရိုင်လမ်းပိုင်းသည် ခရီးသည်တင်ယာဥ်များအား PDF များက မကြာခဏမှားယွင်းပစ်ခတ်သည့်လမ်းကြောင်းဖြစ်ပြီး ထိုသို့ပစ်ခတ်မှုများကြောင့် ပြည်သူများစွာ အသက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *