၂. ၄. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ လူဦးရေမွေးဖွားနှုန်းသည် တစ်ရက်ကို ၂၄၉၂ ဦး မွေးဖွားနေပြီး တစ်ရက်သေဆုံးနှုန်းမှာ ၁၃၁၆ ဦးရှိကြောင်း World Population Review အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အမေရိကန်အခြေစိုက်အဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်းစသော အချက်များကို စောင့်ကြည့်ကာ နေ့စဉ်ဖော်ပြပေးလျက်ရှိနေသော အဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့၏ ဖော်ပြချက်အရ လူဦးရေ စုစုပေါင်း ၅၄၄၆၃၅၈၂ ဦးရှိနေသော မြန်မာနိုင်ငံတွင် ၃၅ စက္ကန့်တိုင်း ကလေးတစ်ဦးမွေးဖွားပြီး တစ်မိနစ်တိုင်း လူတစ်ဦးသေဆုံးနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ကိုလိုနီခေတ်နောက်ပိုင်း ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာကြာ တွေ့ကြုံနေရသော်လည်း တစ်မိနစ်တိုင်း လူတစ်ဦး တိုးနေပြီး လူဦးရေတိုးပွားမှုနှုန်းတည်ငြိမ်နေသော နိုင်ငံများထဲတွင် ပါဝင်နေကြောင်း
သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် လူဦးရေအများဆုံးနိုင်ငံများထဲ၌ အဆင့် ၅နေရာ ရပ်တည်နေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ နောက်တွင်ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလူဦးရေအများဆုံးနိုင်ငံများထဲတွင် အဆင့် ၂၇ နေရာတွင်ရပ်တည်နေကြောင်း World Population Review အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် လူဦးရေအများဆုံး နိုင်ငံများအဖြစ်ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏လူဦးရေ တိုးတက်မှုနှုန်းက ၀ ဒသမ ၇၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၀ ဒသမ ၇၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏လူဦးရေတိုးတက်မှုနှုန်းက အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် ဖိလစ်ပိုင်၊ ထိုင်း ၊ စင်ကာပူ၊ ဗီယက်နမ်တို့ထက် များပြားနေသော်လည်း ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနိုင်ငံတို့ထက်လျော့နည်းနေကြောင်း သိရသည်။

World Population Review အဖွဲ့သည် ဗာတီကန် နန်းတော် အပါအဝင် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ဒေသ စုစုပေါင်း ၂၃၄ နေရာကို လေ့လာစောင့်ကြည့်ကာ ဖော်ပြပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref—- world population review

Leave a Reply

Your email address will not be published. Required fields are marked *

Related News