၁. ၄. ၂၀၂၃
Written by Pan Ei

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ ငါးပြတိုက်တစ်ခုဟာ ရာစုနှစ်တစ်ဝက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပေါင် ၅၀၀၀ (၂၂၆၈ ကီလိုဂရမ်) အလေးချိန်ရှိပြီး လူသ-တ်နိုင်စွမ်းရှိတဲ့ ဝေလငါးမျိုးစိတ် (Orcas) ဖြစ်တဲ့ Lolita ကို ပြန်လွှတ်ပေးဖို့ တိရစ္ဆာန်စောင့်ရှောက်ရေးသမားတွေနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေပွဲတွေကနေ မကြာသေးမီကမှ အနားယူခဲ့တဲ့ ဝေလငါး Lolita ကို ငါးပြတိုက်ကနေ လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားကို တုံ့ပြန်တဲ့အနေနဲ့ ပေ ၂၀ လောက်အမြင့်ရှိတဲ့ ကန်ထဲမှာ လှောင်ထားခံနေရတဲ့ Lolita ကို ပစိဖိတ်အနောက်မြောက်ပိုင်းသမုဒ္ဒရာတွင်းကို နှစ်နှစ်အတွင်း ပြန်လွှတ်ပေးမယ်လို့ ငါးပြတိုက် Miami Seaquarium က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်က ဆီယက်တဲကမ်းလွန်ပင်လယ်ပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ လက်ရှိအသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lolita ကို သူတို့ သဘာဝအရ ကျင်လည်ကျက်စားရာဒေသကို ပြန်လွှတ်ပေးဖို့ အစီအစဉ်ဟာ ဖက်ဒရယ်ရဲ့ခွင့်ပြုချက် လိုအပ်တယ်လို့လည်း သိရပါတယ်။

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင် “Blackfish” ဟာ Orcas တွေ ဖမ်းဆီးခံရတာကို မီးမောင်းထိုးပြခဲ့ပြီး Lolita လွတ်မြောက်ဖို့ တွန်းအားဖြစ်စေခဲ့ကာ National Oceanic and Atmospheric Administration က၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များစာရင်းမှာ လူသ-တ်နိုင်တဲ့ ဝေလငါးမျိုးစိတ်ဖြစ်တဲ့ Orcas ကို ထည့်သွင်းခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီနောက်မှာတော့ Lolita ရဲ့ လွတ်လပ်မှုကို ရရှိဖို့ နှစ်ပေါင်းများစွာ တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တရားရုံးမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

လူသ-တ်နိုင်တဲ့ ဝေလငါးမျိုးစိတ်ဖြစ်တဲ့ Orcas တွေဟာ သူတို့ကို သဘာဝအရ တိုက်ခိုက်မဲ့ သားရဲကောင်တွေ မရှိတဲ့အပြင် နှစ် ၈၀ အထိ အသက်ရှင်နေထိုင်နိုင်တဲ့ နို့တိုက်သတ္တဝါတွေ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News