◾️ အလှမယ်တစ်ဦးဖြစ်သူ မြန်မာအမျိုးသမီးဗိုဗီနမ်ပြိုင်ပွဲဝင် ချစ်နိုဒီဆောင်းက ဗီယက်နမ် ပရိသတ်များအကြား ရေပန်းစား

၃၀.၃.၂၀၂၃
Written by Peya

ကမ္ဘောဒီးယားတွင်ပြုလုပ်သည့် 6th SEAVF Southeast Asian Vovinam Championship 2023 ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ် ၅ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၇ ခုရပြီး တတိယနေရာတွင် ရပ်တည်ခဲ့ကာ အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ်တစ်ဦးဖြစ်သူ မြန်မာအမျိုးသမီး ဗိုဗီနမ်ပြိုင်ပွဲဝင် ချစ်နိုဒီဆောင်းမှာလည်း ဗီယက်နမ်ပရိသတ်များအကြား ရေပန်းစားနေကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ၏ မီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။

6th SEAVF South Asian Vovinam Championship 2023 (Pre.Sea Games) သို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာ ဗိုဗီနမ်အသင်းကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးမျိုးနောင်က ဦးဆောင်သွားခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်သူ ဦးလွမ်းအောင် လက်ထောက်ညွှန်ကြားရေးမှူး(အား/ကာ)နည်းပြ အမျိုးသား ၁ ဦး၊အမျိုးသမီး ၁ ဦး၊ ဒိုင်အမျိုးသား ၁ ဦး၊အမျိုးသမီး ၁ ဦး၊ အားကစားသမား အမျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၇ ဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ (၇)နိုင်ငံ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ မြန်မာဗိုဗီနမ်အသင်းအနေဖြင့် ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၁၈)ခု၊ စုစုပေါင်း ဆုတံဆိပ် (၂၇)ခု၊ နိုင်ငံအလိုက် အဆင့်(၃) ဖြင့် တတိယဆု ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ဖွင့်ပွဲတွင် မြန်မာဗိုဗီနမ်ကစားသမား ချစ်နိုဒီဆောင်းက မြန်မာအသင်း အမည်ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ရခြင်းဖြစ်ပြီး ထိုသို့ ကိုင်ဆောင်ခဲ့ရသည့်အပေါ်  ၎င်း၏ ရုပ်ရည်ကြောင့် ပရိသတ်များ၏ မျက်စိကျခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ အွန်လိုင်းမီဒီယာများထက်တွင် ၎င်း၏အကြောင်းကို ရေးသားဖော်ပြမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရေးသားမှုများအနက် Dan Viet သတင်းဌာနက ချစ်နိုဒီဆောင်းအကြောင်းရေးသားရာတွင် သူမသည် အလှမယ်အဖြစ်ကို စွန့်ပြီး အားကစားသမားအဖြစ် ခံယူသူအဖြစ် ထုတ်ဖော်ရေးသားချီးကျူးခဲ့ကာ အဆိုပါစာအတွင်း Myanmar International 2018 တွင် Top 10 စာရင်းဝင်ဖူးသည့် ချစ်နိုဒီဆောင်းသည် Mr & Miss InnLay 2018 ဆုရှင်လည်းဖြစ်ကြောင်း၊ သူမသည် ဗိုဗီနမ် အားကစားသမားအဖြစ် နိုင်ငံ့အတွက် အောင်မြင်မှု များစွာရခဲ့ကြောင်း၊ ချစ်နိုဒီဆောင်းသည် အမှတ်တံဆိပ်နှင့် မဂ္ဂဇင်းများတွင် ရံဖန်ရံခါ မော်ဒယ်လုပ်လေ့ရှိကြောင်း ရေးသားထားသည့်အပြင် အခြားဗီယက်နမ်နိုင်ငံ၏ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင်လည်း ၎င်း၏ အလှအပ၊ အားကစားနှင့် ပတ်သက်၍ ရေးသားဖော်ပြမှုများ ရှိခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *