မီးလောင်နေသော MV Lady Mary Joy 3 သင်္ဘောအား ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတစ်စီးက မီးငြှိမ်းသတ်နေစဉ်။

၃၀.၃.၂၀၂၃
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပင်လယ်ပြင်သွား ခရီးသည်ကြိုပို့သင်္ဘောတစ်စီး မတ်လ ၂၉ ရက် ညသန်းခေါင်အချိန်ခန့်တွင် မီးလောင်ခဲ့ရာ အနည်းဆုံး ၁၂ ဦးသေဆုံးပြီး သင်္ဘောပေါ်ပါ ၂၃၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

MV Lady Mary Joy 3 အမည်ရှိ အဆိုပါကြိုပို့သင်္ဘောက မင်ဒါနာအိုကျွန်း၊ ဇမ်ဘုံဂါမြို့မှ မတ်လ ၂၉ ရက် ညနေပိုင်းတွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ ဂျိုလိုကျွန်း ဆူလူးပြည်နယ်သို့ ဦးတည်မောင်းနှင်နေစဉ် ဟတ်ဂျီမူတာမက်မြို့၏ ကမ်းခြေအလွန်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ မီးလောင်မှုကြောင့် ခရီးသည်အများအပြားက သင်္ဘောပေါ်မှ ရေထဲသို့ ခုန်ချခဲ့ကြကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။

သင်္ဘောပေါ်တွင် စာရင်းအရ ခရီးသည် ၂၀၅ ဦးသာ လိုက်ပါလာသည်ဟုဆိုသော်လည်း အမှန်တကယ်တွင် ခရီးသည် ၂၅၀ ဦးခန့်အထိ လိုက်ပါလာလိမ့်မည်ဟု သတင်းများကဖော်ပြခဲ့ကြကာ အနည်းဆုံးခရီးသည် ၁၉၅ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့သည်။ မီးလောင်မှုကြောင့် ၁၄ ဦးဒဏ်ရာရခဲ့ပြီး ခုနှစ်ဦးပျောက်ဆုံးနေကာ မတ်လ ၃၀ ရက် နံနက်အထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်သည်။ စာရင်းတွင်မပါဝင်ဘဲ လိုက်ပါလာသည့်ခရီးသည်များကြောင့် ပျောက်ဆုံးနေသူအရေအတွက် တိုးလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

သင်္ဘောမီးလောင်ရခြင်း၏ အကြောင်းရင်းကိုမူ သေချာစွာမသိရသေးပေ။ ကျွန်းပေါင်း ၇,၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ရေကြောင်းခရီးသွားလာရေးမှာ အလွန်ညံ့ဖျင်းပြီး ခရီးသည်မတန်တဆများပြားသော်လည်း ခေတ်မီထိန်းသိမ်းပြုပြင်မှု နိမ့်ကျသည့်သင်္ဘောများနှင့်သာ ဆောင်ရွက်နေရသည့် အခြေအနေတွင်ရှိသည်။

Ref–Philstar.com

ပုံစာ။ MV Lady Mary Joy 3 သင်္ဘောမီးလောင်၍ ရေထဲသို့ ခုန်ချပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *