၃၀.၃. ၂၀၂၃
Written By Thandar

သင်္ကြန်အငွေ့အသက်တွေပါတဲ့ “နှင်းဆီပန်သူ” ရုပ်ရှင်ဇာတ်ကားကို မနက်ဖြန် မတ်လ ၃၁ ရက်ကစပြီး မြန်မာတစ်ပြည်လုံးမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မန္တလေးမြို့ကြီးရဲ့ ခမ်းနားလှတဲ့ မဟာသင်္ကြန်ပွဲတော်ကို မြင်တွေ့ရမှာဖြစ်သလို အင်မတန်လှပတဲ့ မန္တလေးသင်္ကြန်ရဲ့ အငွေ့အသက်တွေကို ခံစားရမယ့် သင်္ကြန်အလွမ်းပြေအနေနဲ့ တင်ဆက်ပြသမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ထွန်းနိုင်နဲ့ မမစိမ်း ခေါ် မမြစိမ်းတို့ဟာ အိမ်နီးနားချင်းတွေဖြစ်ကြပြီး မိဘတွေကလည်း နှစ်အိမ့်တစ်အိမ် နေထိုင်ကြသူများဖြစ်ကြပါတယ်။ အထွန်းခေါ် ထွန်းနိုင်က အသက်အရွယ်ကြီးတဲ့ မမြစိမ်းကို မမစိမ်းလို့ ချွဲခေါ်တတ်ပါတယ်။ မမစိမ်းမှာလည်း အရွယ်ငယ်တဲ့ အထွန်းကို သံယောဇဉ် ရှိပေမယ့်လည်း နှလုံးသားနဲ့ ဦးဏှောက်လွန်ဆွဲနေရတယ်လို့ဆိုရမှာပါ။

ဒီအချိန်မှာ စီးပွားရေးကျပြီး အိမ်ပြောင်းသွားသူ အထွန်းကို သနားစိတ်နဲ့ အချစ်ကိုလက်ခံမိသွားတော့ မမစိမ်းမိဘတွေကလည်း အသက်အရွယ်ရော ပညာရောတူညီတဲ့ ကျောင်းဆရာ ကိုအောင်သွင်နဲ့ပဲ သဘောတူကြတဲ့အခါ နှလုံးသားနဲ့ ဦးနှောက်လွန်ဆွဲတဲ့ပွဲတစ်ပွဲဖြစ်လာပါတယ်။

နှင်းဆီပန်သူဇာတ်ကားမှာ အစဉ်အလာကြီးမားလှတဲ့ မန်းသင်္ကြန် ရှုခင်းနောက်ခံ သင်္ကြန်သီချင်းနဲ့အတူ ဆွတ်ပျံ့ဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းမောဖွယ် ရသတွေကို ခံစားရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

နာမည်ကျော် သင်္ကြန်ရုပ်ရှင်ကားကြီး သင်္ကြန်မိုးဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “နှင်းဆီပန်သူ” ရုပ်ရှင်ဇာတ်ကားက လင်းယုန်နီရဲ့ ဝတ္ထုဇာတ်လမ်း (ချစ်သောမောင်လေး) ကို မယ်မင်းဘုံက ဇာတ်ညွှန်း ရေးသားပြီးဒါရိုက်တာဟိန်းစိုးက သရုပ်ဆောင်တွေဖြစ်တဲ့ နောင်နောင်၊ ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ဇင်ဝိုင်း၊ ဇော်ဦး၊ မေသန်းနု စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News