ဓာတ်ပုံ-YGEA

◾️UAB Pay ဖြင့် ရွှေတစ်ရွေးမှ စတင်ဝယ်ယူနိုင်ပြီး ရွှေနှစ်ရွေးမှစတင်ကာ အခေါက်ရွှေပေါက်စျေးဖြင့် ပြန်လည်ရောင်းချနိုင်

၃၀. ၃. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ရွှေရင်းနှီးမြှုပ်နှံမှုကို စတင်နိုင်ပြီဖြစ်ပြီး UAB pay ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ (၂၉) ရက်တွင် ရန်ကုန်မြို့ Time City ရှိ UAB Tower တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်ကို UAB pay နှင့် ရွှေဘုံသာအခေါက်ရွှေဆိုင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ဒီလို ဒီဂျစ်တယ်နဲ့ဆိုရင် ပိုပြီးတော့ အလုပ်ပိုဖြစ်လာမှာပေါ့။ အရောင်းအဝယ်ပိုပြီးတော့ ဖြစ်လာမှာပေါ့” ဟု ရန်ကုန်တိုင်း‌ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

လက်ရှိဆောင်ရွက်မည့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ရွှေရင်းနှီးမြှုပ်နှံမှုတွင် အခေါက်ရွှေများကို ရွှေတစ်ရွေးမှစတင်ပြီး UAB Pay မှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ကာ UAB pay Wallet တွင် အနည်းဆုံး ရွှေနှစ်ရွေးရှိပါက ပြန်လည်ရောင်းချနိုင်‌မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေများကို UAB pay ဖြင့် ဝယ်ယူပြီးပြန်လည်ရောင်းချလိုပါကလည်း ရွှေဘုံသာ‌အခေါက်ရွှေဆိုင်မှ ပေါက်ဈေးနှင့်အညီ ပြန်လည်ဝယ်ယူပေးသွားမည် ဖြစ်သည်။ အဆိုပါစနစ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး အွန်လိုင်းမှတစ်ဆင့် ရွှေဝယ်ယူစုဆောင်းနိုင်မည့် စနစ်တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့်မတ်လဆန်းမှ စတင်၍ ကမ္ဘာ့ရွှေဈေးစတင်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၂၈ သိန်းခွဲဝန်းကျင်မှာသာရှိခဲ့ပြီး မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ အထက်သို့ ရောက်ရှိခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း ၃၀ ခန့်အထိ ဖြစ်ပေါ်ခဲ့သည်။

မတ်လ ၂၉ ရက်တွင် ကမ္ဘာ့‌‌ရွှေဈေးနှုန်း တစ်အောင်လျှင် ၁၉၆၂ ဒေါ်လာရှိပြီး ပြည်တွင်း‌၌ အခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂,၉၁၈,၀၀၀ ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *