Photo crd; နောင်ပိန် ကမ်းလင့်လက်များ ပရဟိတ (မတ်၃၀ ရက် ယာဥ်မတော်ဆမှု)

၃၀. ၃. ၂၀၂၃
Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်မြို့၊ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းအဆင်းကွေ့ ၌ ယနေ့ မတ်လ ၃၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က ကုန်ကားကြီး ၃ စီး တိုက်မိမှုဖြစ်စဥ်ကြောင့် ယာဥ်လမ်းကြော ၂ နာရီခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း နောင်ပိန်မြို့ရှိ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါ ယာဥ် ၃ စီး တိုက်မိပုံမှာ ကုန်းအဆင်းတွင် ဘရိတ်ပေါက်ပြီး ရှေ့မှကွန်တိန်နာယာဥ်ကို မတိုက်မိရန် ရှောင်တိမ်းစဥ် တစ်ဖက်ယာဥ်ကြောမှ တက်လာသည့် ယာဥ်မှလည်း ဘေးသို့ကပ်ခါ ရှောင်တိမ်းသဖြင့် မျက်နှာချင်းဆိုင်တိုက်မိမည့် အန္တရာယ်မှ လွတ်ကာ အတက်အဆင်းကား ၂ စီးကြား နောက်ကားမှ ဝင်သွားခြင်းဖြစ်သည်။

“ယာဥ်တိုက်မှုက ကံကြီးတော့ လူသေတာအထိ မဖြစ်ဘူး။ ကြားထဲဝင်သွားတဲ့ ကားကတော့ အတော်ပျက်စီးသွားတယ်။ ကားဆရာက ခြေထောက်ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာပါ”ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်တုန်းက အဆိုပါနေရာအနီးတွင်ပင် ခရီးသည်တင်ယာဥ်တစ်စီး ပြုတ်ကျကာ လူ ၁၅ ဦးခန့် သေဆုံးမှုဖြစ်စဥ်လည်း ရှိခဲ့သည်ဟု အဆိုပါ ပရဟိတအသင်းမှ တာဝန်ရှိသူထံက သိရသည်။

ပုံစာ။ ကုန်တင်ယာဥ်သုံးစီးဆင့်တိုက်မှုမြင်ကွင်းနှင့် ၂၀၂၀ ပြည့်နှစ်က ယာဥ်ပြုတ်ကျမှုဖြစ်စဥ်မြင်ကွင်းများ(ဓာတ်ပုံ-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *

Related News