၂၃. ၃. ၂၀၂၃
Translated by Htwe Ko Tun

လူသိများထင်ရှားသည့် ဂျာမန် သဘာဝပတ်ဝန်းကျင်အုပ်စုကြီးတစ်ခုက ၎င်း၏ဝန်ထမ်းများအား စော်ကားတိုက်ခိုက်မှုများနှင့် အကြမ်းဖက်သ-တ်ဖြတ်ရန်အထိ Facebook ပလက်ဖောင်းမှ ခြိမ်းခြောက်နေသည့် ပို့စ်များအား တားဆီးခြင်းမပြုဘဲ ဆက်လက်ဖော်ပြတည်ရှိနေမှုအတွက် လူမှုကွန်ရက် Facebook ကို ပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီ Meta အားတရားစွဲထားကြောင်း မတ်လ ၂၂ ရက်က ပြောကြားခဲ့သည်။

ဂျာမန်အက္ခရာဖြင့်ဆိုလျှင် DUH ဟု အတိုကောက်အားဖြင့်သိကြသော အဆိုပါ Environmental Action Germany သဘာဝပတ်ဝန်းကျင်အုပ်စုက ၎င်း၏ညွှန်ကြားရေးမှူး Juergen Resch နှင့် အခြားဝန်ထမ်းများကို ဦးတည်လျက် Facebook တွင် အမြဲတမ်းအကြမ်းဖက်ခြိမ်းခြောက်နေမှုအား Meta ကုမ္ပဏီအနေဖြင့် ရပ်ဆိုင်းသွားရန်ဆောင်ရွက်နိုင်စွမ်းမရှိဟု ပြောခဲ့သည်။

DUH က မော်တော်ယာဉ်များမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ကာဘွန်များထွက်ရှိမှုကို ပိတ်ပင်ရန် လေထုအရည်အသွေးစည်းမျဉ်းများမြှင့်တင်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုများကို ဂျာမနီနိုင်ငံတစ်ဝန်းရှိမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများက ကားဝါသနာအိုးများအတွက်မူ အလွန်ပင် အမျက်ဒေါသထွက်စေခဲ့သည်။

Meta ကမူ ကြေညာချက်တစ်ခုတွင် ၎င်းအနေဖြင့် လူမှုကွန်ရက် ပလက်ဖောင်းပေါ်တွင် မုန်းတီးရေးစကားများပြောကြားမှုကို လက်မခံကြောင်း၊ ၎င်းတို့ကို ရပ်တန့်ပစ်ရန် တက်ကြွစွာဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် Meta က နည်းပညာပိုင်းနှင့် အစီရင်ခံမှုကိရိယာများအပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပုံမှန်ပြုလုပ်နေ၍ မုန်းတီးရေးစကားများကို လူမှုကွန်ရက်ပလက်ဖောင်းပေါ်မှ လျင်မြန်စွာ ဖယ်ရှားရှင်းလင်းနိုင်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ဂျာမန်လွှတ်တော် ဥပဒေပြုအမတ်တစ်ဦးဖြစ်သည့် Renate Kuenast က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ပြောကြားချက်များပြုနေမှုကို တားဆီးရှင်းလင်းရန်နှင့် ထိခိုက်မှုများအတွက် လျော်ကြေးပေးရန် ၂၀၂၂ ခုနှစ်က Meta အားတရားစွဲခဲ့ရာ အနိုင်ရရှိခဲ့သည်။

Ref——-The Economic Times

Leave a Reply

Your email address will not be published. Required fields are marked *