April 30, 2024

မိုင်းဆွဲခံရမှုကြောင့် ထိခိုက်သော ရထားမြင်ကွင်း(Photo-CJ)

MT News

Written by Hey Mar

မတ်လ ၂၂ ရက် နံနက်အစောပိုင်း တစ်နာရီဝန်းကျင်အချိန်ခန့်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာကြား၌ ရထားမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူမှ MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဖြစ်စဥ်မှာ မတ် ၂၁ရက် ည‌နေ ၅ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာသော စက်ခေါင်းမောင်း ဦးစိုးကျော်သူ မောင်းနှင်ပြီး အကူစက်ခေါင်းမောင်း ဦးစည်သူဦး၊ ရထားထိန်း ဦးစိန်ထွန်းအောင်တို့ လိုက်ပါလာသည့် စက်ခေါင်းအမှတ် DF-2092 ရထားတွဲ ၁၉ တွဲအား ချိတ်ဆက်၍ ရထရခွဲ(၁၃)မှ ဒုရဲအုပ်၊လုံခြုံရေးများလိုက်ပါလျက် ခရီးသည် ၇၀၀ ဦးပါရှိသည့် ရန်ကုန်-မန္တလေး အမှတ်(၃)အဆန်ရထားသည် ရထားလမ်း မိုင်တိုင်အမှတ် ၁၄၂/၉-၁၀ ကြား မန္တလေးဘက်အခြမ်းသို့ရောက်ရှိစဉ် အဆိုပါရထားသံလမ်း၏ အရှေ့ဘက်ခြမ်း ၃ ပေခန့်အကွာ၌ KNU နှင့် PDF အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်းနှင့်ကပ်လျက် အတွဲဖြစ်သည့် ရိုးရိုးတန်းတွဲ(၁)တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များဖြစ်သော ဦးလေးလွင် (၄၅)နှစ်မှာ ဝဲပါး/ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ)နှင့် ဦးဟီရာကျန် (၄၀)နှစ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကျွဲပွဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့ကြောင်းသိရသည်။ ထိုမှတစ်ဆင့် ယနေ့နေ့လည် ၃ နာရီတွင် တောင်ငူဆေးရုံကြီးသို့ ထပ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သတ်၍ အုတ်တွင်းမြို့နယ် အထွေထွေအုတ်ချုပ်ရေးမှူး ဦးညီညီက “ဒဏ်ရာရလူနာ၂ ဦးကို ကျွဲပွဲဆေးရုံမှာ ကုသပေးနေပါတယ်။ တိုင်းမီးရထားကလည်း လူနာတစ်ဦးကို ကျပ်၅၀၀၀၀ သောင်း ထောက်ပံ့ပေးထားပါတယ်” ဟု MT News သို့ ​ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်းမှန်ကွဲကာ၊ ရထားပထမတွဲတွင် မှန်ပြတင်း ၄ ချပ် ပွင့်ထွက်ခဲ့ပြီး ဝင်ပေါက်တံခါးမကြီးနှင့် တံခါးအလူမီနီယံဘောင်များပျက်စီးခဲ့သည်ဟု သိရသည်။ အဆိုပါ အမှတ်(၃)အဆန်ရထားမှာ မန္တလေးသို့ ဆက်လက် ထွက်သွားကြောင်းနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ရထားလမ်းမိုင်းရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းအတွင်း ရထားလမ်းများမကြာခဏမိုင်းထောင်ခံရသဖြင့် ပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပွားနေပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီးအတွင်း ညောင်လေးပင်ဘူတာတွင် အကြမ်းဖ​က်သူများထောင်ထားသည့် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် လူ ၅ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News