၂၀. ၃. ၂၀၂၃
Written by Phyo Wei

ရုရှားသမ္မတပူတင်ကို ICC က ဖမ်း၀ရမ်းထုတ်ထားချိန်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က ဒီလိုလုပ်ဆောင်မှု မှန်ကန်တယ်လို့ ပြောနေပေမဲ့လည်း တရုတ်သမ္မတကတော့ ရုရှားနိုင်ငံဆီသွားရောက်နေပြီဖြစ်ပြီး ရုရှားသမ္မတပူတင်အပြင် ယူကရိန်းခေါင်းဆောင်တွေနဲ့ပါ တွေ့ဖို့စီစဉ်နေတာဖြစ်ပါတယ်။ မြန်မာကို လက်နက်ရောင်းချသူအဖြစ်နဲ့ ဆက်ဆံရေးတစ်ခုရှိခဲ့ဖူးတဲ့ ယူကရိန်းအပါအဝင် တရုတ်၊ ရုရှားတို့ရဲ့ တွေ့ဆုံမှုချိန်ခွင်လျှာဟာ ကမ္ဘာကြီးကို ဘာပြောင်းလဲစေမလဲဆိုတာအပြင် မြန်မာနိုင်ငံအတွက်ပါ ဘာဖြစ်လာမလဲဆိုတာကို ချိန်ဆတွေးထားရမဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နမ့်နိမ့်ရွာမှာ သံဃာတွေနဲ့ ပြည်သူ ၃၀ လောက်ကို သတ်ဖြတ်ပြီးမှ လွှဲချတဲ့အကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ စပြောလာပြီး “၀” ဦးဆောင်တဲ့ FPNCC ရဲ့ တရုတ်ကို ကျေးဇူးအထူးတင်မှုအကြောင်းနဲ့ အကြမ်းဖက်သက်ရောက်မှုဒဏ်ကို  အများဆုံးခံနေရတဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

နမ့်နိမ့်လွှဲချပွဲ

ကုလသမဂ္ဂမှာ မြန်မာ့အရေးဆွေးနွေးပွဲရှိပြီဆိုတာနဲ့ မြန်မာနိုင်ငံမှာ အင်မတန်ဆိုးရွားယုတ်မာတဲ့ သတ်ဖြတ်ပွဲတွေ ဖြစ်လေ့ရှိတာကို မြန်မာ့တိုက်ပွဲဖြစ်စဉ်လေ့လာသူတွေ သတိထားမိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာဆိုရင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်က နမ့်နိမ့်ရွာမှာ သံဃာ ၃ ပါးနဲ့ ပအိုဝ်းတိုင်းရင်းသား ၃၀ လောက်ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တဲ့ လူသတ်ပွဲဖြစ်ခဲ့ပါတယ်။ UNSC နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်ရောက်နေသလို ဒေါက်တာဝင်းမြတ်အေးကလည်း ၁၄၆ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံတက်နေတဲ့အချိန်ဖြစ်နေပြီး ဒီလိုမျိုးဖြစ်ရပ်သုံးခုဆုံသွားချိန်မှာ မြန်မာပြည်က နမ့်နိမ့်ဖြစ်ရပ်ဆိုးကို တပ်မတော်က ကျုးလွန်တယ်လို့ သူတို့က တပြေးညီပြောခဲ့တာတွေကို တွေ့ရပါတယ်။

ပထမတော့ ဒီနမ့်နိမ့်ဖြစ်ရပ်ဆိုးကို SAC က လုပ်တယ်လို လွှဲချပြီး စာတွေထုတ် NUG ဟာ သူ့ထောက်ခံတဲ့ မီဒီယာတွေကနေ ဝါဒဖြန့်ပေမဲ့ ပအိုဝ်းပြည်သူတွေ၊ ဆရာတော်တွေ၊ နာမည်ရပအိုဝ်းအဆိုတော်၊ ပြည်သူ့စစ်တွေ အဖွဲအစည်းတွေကိုယ်တိုင်က ဒီနမ့်နိမ့်လူသတ်ပွဲကို KNDF က လုပ်တာလို့ပြောလာတဲ့အပြင် မတ် ၁၅ ရက်မှာလည်း တောင်ကြီးမှာ ပအိုဝ်းဒေသခံ ပြည်သူတွေနဲ့ ဆရာတော် ထောင်ချီက နမ့်နိမ့်လူသတ်ပွဲကျုးလွန်တဲ့ KNDF ကို ရှုတ်ချပွဲနဲ့ ပအိုဝ်းပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေဖျက်ဆီးခိုးယူတဲ့ KNDF၊ PDF တွေကို နှင်ထုတ်ပွဲလုပ်ခဲ့ကြပါတယ်။ ပအိုဝ်းဒေသခံပြည်သူတွေကိုယ်တိုင်က ဒီနမ့်နိမ့်လူသတ်ပွဲကို KNDF က လုပ်တယ်လို့ တရားဝင်တုံ့ပြန်လာချိန်မှာတော့ NUG ထောက်ခံတဲ့မီဒီယာတွေက ဒီဖြစ်စဉ်ကို မသိကျိုးကျွံလုပ်ခဲ့ပြီး ဒေသခံတွေရဲ့ အသံကို လျစ်လျှူရှုခဲ့တာ တွေ့ရပါတယ်။ သေချာတာကတော့ အေးချမ်းနေတဲ့ ပအိုဝ်းဒေသဟာ KNDF၊ PDF တို့ရဲ့ Proxy War နဲ့အတူ စစ်မီးကိုမြူဆွယ်လာတာမို့ ဒေသခံပအိုဝ်းပြည်သူတွေဟာ ဒေသမှာ ခံနေကြရဦးမှာတော့ အသေအချာပါပဲ။

ဖက်ဒရယ်ဒီမိုကရေစီ စပြောလာပြီး ‘၀’ ဦးဆောင်တဲ့ FPNCC ရဲ့ တရုတ်ကို ကျေးဇူးအထူးတင်မှု

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လုပ်ငန်းအစည်းအဝေးကို “၀”ပြည်နယ်၊ ပန်ခမ်းမြို့မှာ မတ်လ (၁၅) ရက်ကနေ (၁၆) ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးမှာ မြန်မာ့ပဋိပက္ခတွေချုပ်ငြိမ်းရေး တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့ ကျေးဇူးအထူးတင်ကြောင်း “၀” ဦးဆောင်တဲ့ FPNCC က ထုတ်ပြန်လာပါတယ်။

“ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) အစရှိတဲ့အဖွဲ့တွေရဲ့ ကိုယ်စားပြု FPNCC ထုတ်ပြန်ချက်မှာ တရုတ်ကို ကျေးဇူးတင်ကြောင်းအပြင် မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်လို့ နယ်စပ်ဒေသက လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေနဲ့ ဗမာပြည်မနဲ့ အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမယ်လို့ ယူဆကြောင်းဆိုတဲ့ အချက်တစ်ခုကို ထူးထူးခြားခြားဖော်ပြလာတာပဲဖြစ်ပါတယ်။

NUG နဲ့ပေါင်းပြီး တိုက်ပွဲကိုဆာလောင်နေခဲ့တဲ့ မြောက်ပိုင်းအဖွဲ့ဝင်တချို့ဟာ တိုက်ပွဲကို မလိုလားတဲ့ “ဝ” နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ AA တို့ကြောင့် လက်ရှိ အကြမ်း ဖက်တိုက်ခိုက်နေမှုရေချိန်ဟာ နိုင်ငံရေးဆွေးနွေးပွဲဆီ ဆက်သွားတော့မလား စောင့်ကြည့်ချင်စရာဖြစ်သလို တရုတ်အထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတို့ရဲ့ ရပ်တည်ချက်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ကိုပဲ လက်ခံထားကြတာဖြစ်လို့ နိုင်ငံရေးစကားဝိုင်းတွေကနေတစ်ဆင့် ရွေးကောက်ပွဲကို ပြန်သွားရေးလက်ခံကြတော့မလားဆိုတာတော့ ချိန်ဆစရာပါပဲ။

အကြမ်းဖက်မှုဒဏ် အများဆုံးခံနေရတဲ့ မြန်မာ

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ထဲ အကြမ်းဖက်မှု သက်ရောက်တဲ့ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံထဲ ရှိနေတယ်လို့ သြစတြေးလျအခြေစိုက် ကမ္ဘာ့ Think Tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for Economics and Peace (IEP) ရဲ့ ထုတ်ပြန်ချက်အရ သိရပြီး ကမ္ဘာ့အကြမ်းဖက်မှုအညွှန်းကိန်း အဆင့်သတ်မှတ်ချက်မှာ  မြန်မာနိုင်ငံက ရမှတ်ပေါင်း ၇ ဒသမ ၉၇၇ နဲ့ အဆင့် ၉ နေရာ ရှိနေတာပါ။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုဖြစ်ပွားတာဟာ  ၂ နှစ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၇၁၄ ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အကြိမ်ရေ အနည်းဆုံး ၇၅၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဟာ  နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ အမြင့်ဆုံးကိုရောက်ရှိလာခဲ့တာ ဖြစ်သလို သေဆုံးသူပြည်သူအရေအတွက်ကလည်း ၂၀၂၁ ခုနှစ်က  ၃၂၆ ဦးပဲရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၄၁၅ ဦးအထိ မြင့်တက်လာခဲ့တယ်လို သိရပါတယ်။

ဒါ့အ​ပြင် ရန်ကုန်မြို့ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအားလုံးရဲ့ ဗဟိုချက်အများဆုံးဖြစ်ခဲ့ပြီး ၇၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့တဲ့အကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ဆက်နွယ်ပြီး သေဆုံးသူအားလုံးရဲ့ တစ်ဝက်ကျော်က ရန်ကုန်မြို့က ဖြစ်တဲ့အပြင် တနင်္သာရီတိုင်းဒေသကြီးမှာလည်း အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက်ဟာ အရင်ထက် ၅ ဆ မြင့်တက်ခဲ့သလို သေဆုံးသူကလည်း ၈ ဆ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ချိန်ဆစဉ်းစားရမှာကတော့ တော်လှန်ရေးအတွက်ဆိုပြီး အကြမ်းဖက်တိုက်ခိုက် ဗုံးခွဲမှု လုပ်နေသူတွေဟာ အပြစ်မဲ့ပြည်သူတွေ သွားလာတတ်တဲ့ အများပြည်သူဆိုင်ရာတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အလစ်အငိုက်မှာ ဗုံးခွဲ၊ သေနတ်ပစ်နဲ့ တိုက်ခိုက်နေကြတာကိုပါ။ သူတို့ကိုယ်တိုင် လက်နက်ကိုင်ကြတာက သူတို့ဆန္ဒပြ ရရာလက်နက်နဲ့ တိုက်ခိုက်ချိန်မှာ မျက်နှာချင်းဆိုင်ကနေ သေနတ်နဲ့ပစ်လို့ မတရားလုပ်တယ်၊ အဓမ္မလုပ်တယ်ဆိုပြီး လက်နက်ကိုင်ခဲ့ကြတာပါ။ မျက်နှာချင်းဆိုင်မှာ အပြန်အလှန်တိုက်ခိုက်ဆန္ဒပြချိန်မှာ ပစ်ခတ်ခံရတာကို အဓမ္မဆိုရင် လက်နက်မဲ့ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို အလစ်အငိုက်မှာ ဗုံးခွဲပစ်ခတ်သတ်ဖြတ်နေတာတွေက အဓမ္မထက်ဆိုးတဲ့ အင်မတန်အောက်တန်းကျ ရက်စက်ယုတ်မာတဲ့အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ အမည်တပ်ရတော့မှာဆိုတာကို တွေးမိပါစေလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *