၂၀. ၃ .၂၀၂၃
Written by Hey Mar

YBS ယာဥ်လိုင်းများတွင် တပ်ဆင်ထားသည့် YPS (Yangon Payment Service) ကတ်စနစ်မှာ လက်ရှိအချိန်တွင် စနစ် တကျ ဖြစ်မလာသေးသည့်အပြင် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီမှာလည်း အရှုံးလက္ခဏာပြနေကြောင်း YRTC /YBS တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က MT News သို့ ပြောသည်။

ပြည်တွင်း အများပြည်သူသယ်ယူပိုဆောင်ရေးစနစ်တွင် YBS ယာဥ်လိုင်းပေါင်း ၁၁၇ လိုင်းနှင့် ကုမ္ပဏီ ၂၀ ကျော်က ဝန်ဆောင်မှုပေးနေပြီး ယဥ်လိုင်းများတွင် ကတ်နှင့်ငွေပေးချေသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း အခက်အခဲများ ရှိနေကြောင်းသိရသည်။

“ကတ်စနစ်လေး အောင်မြင်စေချင်တယ်။ ဒါကငွေရများဖို့ဆိုတာထက် ခရီးသွားပြည်သူတွေအတွက် စေတနာပါ။ ကတ်နဲ့ဆို ယာဥ်စီးခလည်း သက်သာတယ်။ ငွေပိုထည့်မိလို့ ပြန်အမ်းငွေမရဘဲ ဆုံးရှုံးတာမျိုးတွေလည်း ခရီးသည်တွေမှာ မရှိတော့ဘူး။ နောက်ပြီး ကတ်အသုံးပြုသူတွေဆီကလည်း ပြန်ကြားရတဲ့ တိုင်ကြားတာတွေရှိတယ်။ ကားတွေက စက်ပိတ်ထားတာ တွေ တိုင်ကြတယ်။ သုံးတဲ့သူအရမ်းနည်းလို့ နည်းပညာကုမ္ပဏီမှာ ဝင်ငွေမရှိဘဲ အရှုံးပြနေပါတယ်ဆိုမှ ကားပေါ်ကစက်က ပိတ်တာတော့ တို့နိုင်ငံမှာပဲ ရှိတယ်”ဟု ဦးလျန်ကျင့်မန်က MT News သို့ ပြောသည်။

နောက်ပိုင်းတွင် YPS ကတ်ဒနစ်ဝန်ဆောင်မှုပေးသည့် Asia Starmar ကုမ္ပဏီဘက်မှ နည်းပညာအကူအညီယူပြီး စက်ကို အလွယ်တကူပိတ်မရအောင် ဆောင်ရွက်သည့်အခါတွင်လည်း ကျွတ်ကျွတ်အိတ်အမဲရောင်စွပ်ကာ ကတ်ဖြင့် ငွေပေးချေမရအောင်ပြုလုပ်သည်များလည်း ရှိလာသည်ကို တွေ့ရသည်။

YPS ငွေပေးချေစနစ်အသုံးပြုနေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သူခရီးသွားပြည်သူအမျိုးသားတစ်ဦးမှလည်း “ကျွန်တော်က ကတ်နဲ့ ယာဥ်စီးခပေးရတဲ့စနစ်ကို သဘောကျတယ်။ ကျွန်တော့်လို တစ်မြို့လုံးပတ်သွားရတဲ့စျေးကွက်ရှာဖွေရေးသမားတစ်ဦးအနေနဲ့ တွက်ချေကိုက်ပါတယ်။ ဥပမာဗျာ ကားခတွေက ၃၀၀၊ ၄၀၀ အနည်းဆုံး။ ၂၀၀ ကားမရှိသလောက်ဖြစ်နေပြီ။ ကဒ်နဲ့ပေးချေရင် ငွေထည့်လို့ ၄၀၀ ကျပ်ဆိုရင်ကဒ်မှာ ၃၅၀ ကျပ်ပဲ တစ်လလုံးနဲ့ ခြုံတွက်ရင် အဆင်ပြေတယ်။ နောက်ပြီး ငွေအကြွေ ဒုက္ခကင်းတယ်။ ယာဥ်လိုင်းတိုင်း အသုံးပြုမနိုင်သေးတော့ အကြွေတော့ ဆောင်ရတာပေါ့”ဟု ဆိုသည်။

ထို့ပြင် ဆူးလေဘတ်စ် မှတ်တိုင်ရှိ YPS Keloid တစ်ခုတွင် ငွေဖြည့်သူက”ကတ်အသုံးပြုသူတွေ အခက်ကြုံရတာက ယာဥ်ပေါ်ပါစက်ပျက်နေရင်လည်း အချိန်နဲ့ တစ်ပြေးညီ ပြင်ပေးသင့်တယ်။ တချို့ကားတွေမှာက စက်တော့ပါတယ် သုံးမရဘူး။ နောက်တစ်ခု ငွေဖြည့်ရတဲ့ အခက်အခဲပါ။ အလွယ်တကူဖြစ်အောင် လက်ရှိအသုံးများတဲ့ ဘဏ်စနစ်နဲ့ ချိတ်နိုင်ရင် ပိုအဆင်ပြေမယ်”ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။

YPS စနစ်ကို ဝန်ဆောင်မှုပေးနေသည့် Asia Starmar ကုမ္ပဏီအနေနှင့် ပြည်တွင်းအများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်လိုင်းများတွင် အကောင်အထည်ဖော်သည့်အခါ စိန်ခေါ်မှုများစွာရှိကြောင်း၊ နိုင်ငံတကာနှင့်မတူသည့် အချက်မှာလည်း အခြားအိမ်နီးခြင်းနိုင်ငံများတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်လိုင်းကုမ္ပဏီမှာ တစ်ခုတည်းသာရှိသော်လည်း ပြည်တွင်းမှာမူ ကုမ္ပဏီပေါင်း အခု ၂၀ကျော်နှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရသည်များရှိကြောင်း၊ နည်းပညာကုမ္ပဏီအနေ နှင့် နည်းပညာပိုင်းသာ ကူညီဝန်ဆောင်မှုပေးနိုင်ပြီး သက်ဆိုင်ရာ ဘတ်စ်ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအပိုင်းများနှင့် မသက်ဆိုင်သည့်အတွက် တချို့ကားများတွင် ကုမ္ပဏီဘက်မှ YPS စက် ရပ်တန့်ထားတာမျိုးဖြစ်လျှင်လည်း မည်သို့မျှ မတတ်နိုင်ကြောင်း ကြုံတွေ့ရသည့် လက်ရှိအခြေအနေကို ရှင်းပြသည်။

Asia Starmar ကုမ္ပဏီမှ တာဝန်ရှိသူက “အရွေ့တစ်ခုကို သွားရင်တော့လဲ စိတ်တော့ရှည်ရပါတယ်။ စနစ်ကိုအကောင် အထည်ဖော်ပေးတဲ့တာဝန်ရှိသူတွေရဲ့ စိတ်စေတနာကို နားလည်နေတော့ နိုင်ငံတကာဆိုတာနဲ့တော့ မနှိုင်းယှဥ်စေချင်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီဘက်က စက်တပ်ဆင်ချင်တဲ့ ယာဥ်လိုင်းဆိုရင်လည်း တိုင်တပ်ဆင်တာတွေ လမ်းကြောင်းကြည့်တာတွေနဲ့ အမြန်ဆုံး တစ်ပတ်အတွင်းအကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးတယ်။ စက်ဘက်က တစ်ခုခု ချို့ယွင်းတာဆိုရင်လည်း ၂ နာရီအတွင်းအမြန် ဆောင်ရွက်တာမျိုးတွေ လုပ်ပေးပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကသော်လည်းကောင်း ယာဥ်မောင်းဘက်ကသော်လည်းကောင်း စက်ကို တစ်ခုခုလုပ်ထားတာမျိုးဆိုရင်တော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စက်ပိတ်ရင် တိုင်ပါဆိုပေမယ့် မြေပြင်အခြေအနေမှာ ညှိနှိုင်းရခက်ပါတယ်”ဟု ပြေ ာသည်။

ဘတ်စ်များတွင် ကတ်စနစ် အောင်မြင်စေရန်အတွက် စက်ဖွင့်ပေးရန်နှင့် ကတ်ကို လူအများက အသုံးချပါမှ ခရီးသွားပြည်သူများအတွက်ရော ယာဥ်လိုင်းအတွက်ပါ အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်းလည်း ဦးလျန်ကျင့်မန်က သုံးသပ်ပြောဆိုသည်။ ထိုသို့ကတ်စနစ်အောင်မြင်မှသာ ယာဥ်စီးခကောက်ခံသည့် ပုံးထဲသို့ ငွေအကြွေအပြဲများ၊ စက္ကူများ ရောနှောထည့်ခြင်းအပါအဝင် ယာဥ်စီးခ ပြန်အမ်းငွေရယူရန် အခက်အခဲများ အကြွေရှာဖွေရသည့် အခက်အခဲများမှလည်း အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *