သက်တံ့
၃၀. ၉. ၂၀၂၆
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တောင်ပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ထားဝယ်ဒေသတစ်ခုလုံးတွင် လူဦးရေစုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အဆောက်အဦပေါင်း ၃၀၀ ဝန်းကျင်နှင့် ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပျက်စီးဆုံးရှုံးမှုစာရင်း ဆက်လက်တိုးပွား လာနိုင်သည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်သည်။
ထို့အပြင် ယနေ့ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်သည့်အပြင် ကား၊ ဆိုင်ကယ်နှင့် အခြားသော စက်ယန္တယားများ၊ တိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိနေပြီး အဆိုပါစာရင်းများကိုမူ ဆက်သွယ်ရေးအခက်အခဲများ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
◾ အရေးကြီး လိုအပ်ချက်များ
လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ရေကြီးမှုနှင့် တောင်ပြိုမှုတို့ကြောင့် သောက်သုံးရေအရင်းအမြစ်များ လုံးဝပျက်စီးသွားခြင်းနှင့် ယနေ့အထိ အသုံးပြု၍မရသေးဘဲ ညစ်ညမ်းနေဆဲဖြစ်သည်။ ထို့ကြောင့် သောက်သုံးရေများလည်း အရေးတကြီးလိုအပ်လျက်ရှိသည်။
နေအိမ်နှင့် လူနေမှုဘဝပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမိုးအကာ၊ အိမ်အသုံးဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများလည်း အရေးတကြီးလိုအပ်လျက်ရှိသည်။
◾တောင်ပြိုမှုအန္တရာယ် ဆက်ရှိနေဆဲ
စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ ဒေသအများစုတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ဖြစ်သည်။ သို့သော် အချို့သောဒေသများတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွားနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည်။
ထိုကဲ့သို့ ရေကျဆင်းလာခြင်းသည် အခြေအနေများ ပုံမှန်ပြန်လည်ရောက်ရှိလာပြီဟု မှတ်ယူနိုင်သည့်အနေအထားမျိုး မဟုတ်သေးဘဲ အချို့သောကျေးရွာများတွင် နေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် မလုံခြုံသေးသည့် အခြေအနေများ ရှိနေဆဲဖြစ်သည်။
မိုးရွာသွန်းမှုရပ်တန့်ခြင်း သို့မဟုတ် ရေများပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် တောင်ပြိုမှုအန္တရာယ် လုံးဝကင်းရှင်းသွားပြီဟု မယူဆနိုင်သေးသော အခြေအနေဖြစ်ပါသည်။
မြေသားများ ရေစိုထိုင်းမှုများပြားနေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိတော့သော်လည်း တောင်စောင်းများနှင့် မြေသားများ ပြိုကျနိုင်သေးသဖြင့် တောင်ခြေ၊ တောင်စောင်းနှင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီးသော နေရာများအနီးတွင် နေထိုင်သူများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့် အထူးသတိပြုကြလိုအပ်သော အခြေအနေ ဖြစ်သည်။
◾ မြေမြှုပ်မိုင်းနှင့် UXO အန္တရာယ်
ရေကြီးရေလျှံမှုများနှင့် တောင်ပြိုခြင်းများကြောင့် မြေသားများရွေ့လျားခြင်း၊ ရေစီးကြောင်းများပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ယခင်ကမတွေ့ရှိခဲ့ရသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) သည် ရေစီးနှင့်အတူ ရွေ့လျားအသက်ဝင်လာပြီး နေရာရွှေ့သွားခြင်းနှင့်၊ အချိန်မရွေး ထရောက်ပေါက်ကွဲခြင်းတို့နှင့် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် ရေကျပြီးနောက် လမ်းများ၊ ခြံဝင်းများ၊ လယ်ယာမြေများ၊ တောတောင်ဥယျာဥ်ခြံများနှင့် အခြားသောနေရာများတွင် မိမိနှင့်မရင်းနှီးသော သံထည်ပစ္စည်းများ၊ စစ်လက်နက်ပစ္စည်းများ သို့မဟုတ် သံသယဖြစ်ဖွယ်ပစ္စည်းများကိုတွေ့ရှိပါက မည်သည့်အခြေအနေတွင်မျှ ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးထားသည်။
◾ ရေကျဆင်းပြီးနောက် သတိပြုရန်
ရေကြီးမှုကြောင့် နေအိမ်များ၊ သောက်ရေတွင်းများ၊ သောက်သုံးရေအရင်းအမြစ်များနှင့် အစားအသောက်များ ညစ်ညမ်းမှုရှိနိုင်သဖြင့် သန့်ရှင်းစိတ်ချရသော အစားအစာနှင့် သောက်သုံးရေများကိုသာ အသုံးပြုကြရန်၊ လိုအပ်ပါက ရေများကို ကြိုချက်သောက်သုံးကြရန် အထူးတိုက်တွန်းထားသည်။
ရေကြီးပြီးနောက် ကူးစက်ရောဂါများ၊ အထူးသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် လက်ဆေးခြင်း၊ အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်စားသုံးခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေများကိုသာ အသုံးပြုကြရန်လည်း အထူးဂရုပြုတိုက်တွန်းထားသည်။
ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း သို့မဟုတ် အခြားသောကျန်းမာရေးပြဿနာများ ဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကူညီကယ်ဆယ်ရေးစခန်းများတွင် အမြန်ဆုံး ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံယူကြရန်လည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။
