၂၆.၉.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် နေ့စဉ်ဘဝကို ထိခိုက်စေသည့် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ဘန်ကောက်မြို့၏ ခရိုင် ၅၀ စလုံးကို ဘေးအန္တရာယ်ကျရောက်ရာဒေသများအဖြစ် စက်တင်ဘာလ ၂၆ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။
ယခင်က နောင်ချော့၊ ဆွမ်လွမ်နှင့် ခန်နာယောင် ခရိုင်သုံးခုကိုသာ ဘေးအန္တရာယ်ကျရောက်ရာ ဒေသအဖြစ် သတ်မှတ်ချက်ကို တိုးချဲ့ရန် ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် ဆစ်တီပန်က စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် အမိန့်လက်မှတ်ရေးထိုးခဲ့သည်။
မြို့တော်၏ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဘန်ကောက်မြို့ အရှေ့ပိုင်းဒေသများမှာ အထိခိုက်ဆုံးနေရာများထဲတွင် ပါဝင်နေသည်။
ဘန်ကောက်မြို့တော်ဝန်၏ ပြောကြားချက်အရ စက်တင်ဘာလ ၂၆ ရက်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အရှေ့ပိုင်း၌ ရေကြီးရေလျှံမှု ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသတွင်းရှိ တူးမြောင်းများအားလုံး ရေပြည့်လျှံနေကာ အဓိကလမ်းမကြီး ၁၅ ခုတွင်လည်း ရေနက်စွာ လွှမ်းမိုးနေကြောင်း သိရသည်။
မြို့တော်တွင် စက်တင်ဘာလ ၂၄ ရက် ညနေ ၄ နာရီကတည်းက မိုးရွာသွန်းခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နံနက်ပိုင်းအထိ ဆက်လက်ရွာသွန်းနေမှုကြောင့် ဘန်ကောက်မြို့ အရှေ့ပိုင်းတွင် ရေကြီးရေလျှံမှု ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသတွင်းရှိ တူးမြောင်းများအားလုံး ရေပြည့်လျှံနေကာ အဓိကလမ်းမကြီး ၁၅ ခုတွင်လည်း ရေလွှမ်းမိုးမှုမြင့်တက်နေကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်၊နံနက် ၉ နာရီကျော်အချိန်တွင် ဒေသခံများထံသို့ မိုဘိုင်းဖုန်းမှတစ်ဆင့် အရေးပေါ်သတိပေးချက်တစ်ခု ပေးပို့ခဲ့ပြီး ယင်းတွင် တူးမြောင်းများအတွင်း ရေအဆင့်သည် စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ထပ်မံမြင့်တက်လာနိုင်ကြောင်း သတိပေးဖော်ပြခဲ့သည်။
မိုးလေဝသနှင့် ဇလဗေဒဌာန၏ အဆိုအရ မတည်ငြိမ်သော ရာသီဥတုအခြေအနေ၏ အဓိကအကြောင်းရင်းမှာ ဗဟိုလွင်ပြင်ဒေသအောက်ပိုင်း၊ ဘန်ကောက်နှင့် ၎င်း၏ပတ်ဝန်းကျင် ပြည်နယ်များကို လွှမ်းခြုံထားသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် ဖြစ်သည်။ ထို့ပြင် အန်ဒမန်ပင်လယ်၊ တောင်ပိုင်းဒေသနှင့် ထိုင်းပင်လယ်ကွေ့တို့တွင်လည်း အနောက်တောင်မုတ်သုံလေ အားကောင်းလာလျက်ရှိသည်။
နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများမှာအထိ စက်တင်ဘာလ ၂၇ ရက်ထိ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနက စနေနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
“ရေစုပ်စက်တွေနဲ့ ရေစုပ်ထုတ်ပြီး အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ဘန်ကောက်မြို့ အရှေ့ပိုင်းက တူးမြောင်းတွေအားလုံး ရေပြည့်နေပါပြီ။ တူးမြောင်းတွေအနီးမှာ နေထိုင်သူတွေ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု မြို့တော်ဝန် ချတ်ချတ်က ပြောကြားခဲ့သည်။ မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိသောကြောင့် ထိခိုက်ခံစားရသည့် ဒေသခံများအနေဖြင့် တန်ဖိုးကြီး ပစ္စည်းများနှင့် ယာဉ်များကို မြင့်မားသောနေရာများသို့ ရွှေ့ပြောင်းထားကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
နွန်သာဘူရီနှင့် ပါသွမ်သာနီ ပြည်နယ်များမှတစ်ဆင့်လည်း မြို့တော်အတွင်းသို့ ရေများစီးဝင်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref-Bangkok Post
