သက်တံ့
၂၆. ၉. ၂၀၂၆
အီရန်နိုင်ငံအလယ်ပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားက သတင်းဖော်ပြသည်။
ယာဉ်မတော်တဆမှုသည် မာကာဇီပြည်နယ် (Markazi province) အတွင်းရှိ ဆာဗေး-ဟာမေဒန် (Saveh-Hamedan) အမြန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသူ ပင်ပန်းနွမ်းနယ်ပြီး ငိုက်မျဉ်းသွားခြင်းကြောင့် ယခုကဲ့သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ဘတ်စ်ကားသည် မည်သည့်နေရာသို့ ဦးတည်မောင်းနှင်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ချက်ချင်းထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။
အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လမ်းအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်း အဆိုးရွားဆုံးနိုင်ငံများထဲ ပါဝင်နေပြီး နှစ်စဉ်ယာဉ်မတော်တဆမှုများကြောင့် လူ ၁၇,၀၀၀ ကျော် သေဆုံးနေရသည်။ ယာဉ်များ ကြံ့ခိုင်မှုမရှိခြင်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ဆောင်မှုများ မလုံလောက်ခြင်းတို့ကြောင့် ယခုကဲ့သို့ သေဆုံးသူဦးရေ မြင့်မားနေရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။
ယခုလအစောပိုင်းကလည်း အီရန်အနောက်ပိုင်း ဆာနန်းဒတ်ချ် (Sanandaj) မြို့အနီးတွင် စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောက်ဆာကားတစ်စီးသည် အခြားယာဉ်များကို ဝင်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
Ref: AP
