သက်တံ့
၂၆. ၉. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်ရှိ ခရိုင်နှစ်ခုတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း အဆိပ်အတောက် ပါဝင်သော အရက်တုကို သောက်သုံးခဲ့ကြသဖြင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ပြည်နယ်အတွင်း သံသယဖြစ်ဖွယ် အရက်တုများ ဖြန့်ဖြူးသည့် ကွန်ရက်ကို စုံစမ်းဖော်ထုတ်ရန် အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး အရက်ပုလင်းပေါင်း ၃,၀၀၀ နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သံသယဖြစ်ဖွယ် တရားမဝင်အရက်တု သောက်သုံးမှုကြောင့် မိုကုတ်ချောင် (Mokokchung) ခရိုင်တွင် ၈ ဦးနှင့် တူအန်ဆန်း (Tuensang) ခရိုင်တွင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ PTI သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သေဆုံးမှုများကို စုံစမ်းစစ်ဆေးရန်နှင့် သံသယဖြစ်ဖွယ် အရက်တုများ ရောက်ရှိလာသည့် ရင်းမြစ်နှင့် ဖြန့်ဖြူးရေးကွန်ရက်ကို စုံစမ်းဖော်ထုတ်ရန်အတွက် ဒုတိယရဲမှူးကြီး Bunglang Chang ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) ကို ဖွဲ့စည်းထားကြောင်း ဒုတိယရဲမှူးကြီး Vesupra Kezo က စေတနင်္ဂနွေနေ့တွင် သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
သေဆုံးရသည့် အကြောင်းရင်းကို အတည်ပြုနိုင်ရန်အတွက် နမူနာများကို ဂူဝါဟာတီသို့ မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးစမ်းသပ်ရန် ပေးပို့ထားကြောင်းလည်း သူက ပြောသည်။
“ကျွန်တော်တို့ သဲလွန်စအချို့ ရရှိထားပြီး ဖြစ်ပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားဖို့ စောလွန်းပါသေးတယ်” ဟု အဆိုပါ အရာရှိက ဆက်လက်ပြောကြားခဲ့သည်။
သေဆုံးမှုများ ဖြစ်ပွားပြီးနောက် နာဂလန်းရဲတပ်ဖွဲ့သည် ဝင်ရောက်စီးနင်းမှုများစွာ ပြုလုပ်ခဲ့ပြီး ယခုအမှုနှင့် ပတ်သက်၍ ယနေ့အထိ လူ ၁၉ ဦးကို ဖမ်းဆီးထားသည်။ ရဲတပ်ဖွဲ့သည် အရက်ပုလင်းပေါင်း ၃,၀၀၀ နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့က မည်သူမည်ဝါမှန်း မသိရသော၊ တံဆိပ်မပါသော သို့မဟုတ် သံသယဖြစ်ဖွယ် တရားမဝင်အရက်များကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ထို့အပြင် အရက်သောက်သုံးပြီးနောက် ခေါင်းမူးခြင်း၊ မျက်စိဝေဝါးခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် သတိလစ်မေ့မြောခြင်းစသည့် လက္ခဏာများ ခံစားရပါက ချက်ချင်း ဆေးကုသမှုခံယူကြပါရန်လည်း အဆိုပါ သတိပေးချက်တွင် တိုက်တွန်းထားသည်။
Ref: Hindustan Times
