၂၃.၉.၂၀၂၆
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ မာနီဆာပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအနီးတွင် စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ထိုနေ့၌ စိုးရိမ်ရသည့် အခြေအနေ အဆင့်၌ ရှိနေကြောင်း တရားရေးဝန်ကြီး အကင်ဂါလက်က ပြောကြားခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၁၅ နှစ်ရှိ ကျောင်းသားတစ်ဦးပင်ဖြစ်ပြီး ၎င်းက ရိုင်ဖယ်သေနတ်တစ်လက်ကို ယူဆောင်ကာ အထက်တန်းကျောင်းရှေ့တွင် အရမ်းကာရော ပစ်ခတ်မှုပြုခဲ့သည်ဟု ဆိုသည်။ တူရကီနိုင်ငံတွင် ယခုနှစ်အစောပိုင်းက ကျောင်းတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့မှုကြောင့် နိုင်ငံတစ်ဝန်း တုန်လှုပ်ခြောက်ခြားခဲ့ရသည်။
သံသယရှိသူသေနတ်သမားက သေနတ်ကို ၎င်း၏ အဘိုးအဘွားများနေအိမ်မှ ယူဆောင်လာခဲ့သည်ဟု ဆိုခဲ့ပြီး ပစ်ခတ်သူအား ၎င်း၏ မိဘနှစ်ဦးနှင့် အဘိုးဖြစ်သူတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။အဆိုပါလက်နက်အတွက် အဘိုးဖြစ်သူတွင် တရားဝင်လိုင်စင် ရှိသည်ဟု ယူဆရသည်။
တာဂတ်လူ ခရိုင်ရှိ Inci Uzmez Vocational and Technical Anatolian အထက်တန်းကျောင်းတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့် ၌ ဤပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
တရားရေးဝန်ကြီး အကင် ဂါလက်က “ကျွန်တော်တို့ရဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးကိစ္စရပ်မှာ ပေါ့ဆမှု ဒါမှမဟုတ် တာဝန်မဲ့မှု တစ်စုံတစ်ရာကို လျစ်လျူရှုထားလို့ မရပါဘူး” ဟု ၎င်း၏ X လူမှုကွန်ရက် အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းက “တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ကို ကလေးက ဘယ်လိုရယူခဲ့သလဲ၊ လက်နက်ကို ဘယ်လိုပုံစံနဲ့ သိမ်းဆည်းထားခဲ့သလဲ၊ ကလေးကို စောင့်ရှောက်ကြီးကြပ်မှုနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ တာဝန်ဝတ္တရားတွေ၊ ပြီးတော့ ဖြစ်စဉ်မဖြစ်ခင်က ကလေးအပေါ် အနိုင်ကျင့်ခံရမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုပါ ရှုထောင့်ပေါင်းစုံကနေ အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်”ဟု ထပ်လောင်း ပြောကြားခဲ့သည်။
အွန်လိုင်းတွင် တင်ထားသော ရုပ်သံမှတ်တမ်းများ၌ ကျောင်းအနီးတွင် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့မြင်ရပြီး ရဲတပ်ဖွဲ့က မိသားစုဝင်များအား ထိုနေရာနှင့် ဝေးဝေးနေကြရန် ပြောကြားခဲ့သည်။
တူရကီနိုင်ငံတွင် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားလေ့မရှိသော်လည်း ၂၀၂၆ ခုနှစ် အတွင်း၌ပင် နိုင်ငံကို တုန်လှုပ်စေခဲ့သည့် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ကျောင်းတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ကြောင့် သေနတ်ထိန်းချုပ်မှု စည်းမျဉ်းများ တင်းကျပ်လာခဲ့ပြီး၊ ပြီးခဲ့သည့်အပတ်က စတင်ခဲ့သော ပညာသင်နှစ်အတွက် ပညာရေးဆိုင်ရာ အဆောက်အအုံများတွင် လုံခြုံရေးအစီအမံများကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ထို ကျောင်းတွင်း သေနတ်ပစ်ခတ်မှု နှစ်ခုကြောင့် လူ ၁၀ ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ရသည်။
ပြည်ထဲရေးဝန်ကြီး မတ်စတာဖာ ဆစ်စီ၏ ပြောကြားချက်အရ စက်တင်ဘာလ ၂၁ ရက်ကမှ စတင် မိတ်ဆက်ခဲ့သော အစီအမံသစ်တစ်ခုအရ အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ထားသော ကျောင်းများတွင် တာဝန်ကျမည့်ကျောင်းကြီးကြပ်ရေးမှူးများနှင့် ရဲအရာရှိပေါင်း ၃၁,၀၀၀ ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
သမ္မတ ရီဆက် တေရစ် အာဒိုဂန်ကလည်း နောက်ဆုံးဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားရာတွင် သေနတ်ထိန်းချုပ်မှု စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
၎င်းက “ကမ္ဘာတစ်ဝန်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ အလားတူ တိုက်ခိုက် မှုတွေကို ကြည့်မယ်ဆိုရင် ကျူးလွန်သူတွေရဲ့ ရည်ရွယ်ချက်တစ်ခုက လူ့အဖွဲ့အစည်းကို ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေဖို့ဆိုတာ တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
Ref: Reuters
