၂၃.၉.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ၊ စပန်ဒါလမ် (Spangdahlem) မြို့ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းအနီးတွင် စက်တင်ဘာလ ၂၂ ရက်က အမေရိကန်လေတပ်မှ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အက်ဖ်-၁၆ တိုက်လေယာဉ်မှူးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့သည်။ လေယာဉ်ပျက်ကျမှုက ဂျာမနီနိုင်ငံ၊ ရွိုင်းလန်း ပလာတီနိတ် (Rhineland-Palatinate) ပြည်နယ်ရှိ စပန်ဒါလမ်မြို့ လေတပ်စခန်းအနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါလေယာဉ်သည် အမှတ် ၅၂ တိုက်လေယာဉ်တပ်ဖွဲ့ခွဲ လက်အောက်ရှိ အက်ဖ်-၁၆ ဖယ်လ်ကွန် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်။
စခန်း၏ ထုတ်ပြန်ချက်တွင် “လေယာဉ်မှူးက ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ဆေးကုသမှု ခံယူနေပါတယ်” ဟု ဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း လေယာဉ်ပျက်ကျရာ ဝေးလံခေါင်ဖျားသော အီဖယ်လ် (Eifel) ဒေသရှိ ဒေသခံအာဏာပိုင်များက အတည်ပြုခဲ့သည်။
လက်ရှိအချိန်တွင် အီဖယ်လ် ဒေသဘက်မှ ဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ် အချက်အလက်များကို မှတ်ချက်ပေးပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စပန်ဒါလမ်လေတပ်စခန်းကို ၁၉၅၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် တည်ဆောက်ခဲ့ပြီး နေတိုးအဖွဲ့၏ စစ်ဆင်ရေးစင်တာတစ်ခု ဖြစ်သည်။ အမေရိကန်လေတပ်၏ အမှတ် ၅၂ တိုက်လေယာဉ်တပ်ဖွဲ့ခွဲက ထိုစခန်းတွင် အခြေစိုက်ထားပြီး လေယာဉ်အစီးရေ ၂၀ ခန့်ပါဝင်သော အက်ဖ်-၁၆ တိုက်လေယာဉ်တပ်ခွဲတစ်ခု ရှိသည်။
စပန်ဒါလမ် လေတပ်စခန်းက ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်တပ်၏ အရေးအကြီးဆုံး လေတပ်စခန်းများထဲမှတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းတွင် အမေရိကန်စစ်ဘက်နှင့်အရပ်ဘက်ဝန်ထမ်းများအပြင် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၅,၀၀၀ ခန့် အခြေစိုက်နေထိုင်ကြပြီး ဂျာမန်နိုင်ငံသား ၇၀၀ မှ ၈၀၀ ခန့်လည်း အဆိုပါစခန်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။
Ref: AFP
