၂၃.၉.၂၀၂၆
Written by Linn Eain
မော်တော်ယာဥ်ပေါ် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၄ နာရီခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီး ဝင်းနိုင်ဦး(ခ)ဝင်းနိုင် မောင်းနှင်လာသည့် JAC အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်သော စိတ်ကြွဆေးပြား ၆၂ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၃ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝင်းနိုင်ဦး(ခ)ဝင်းနိုင်(၅၄)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
