၂၃.၉.၂၀၂၆
Written By Thandar
LOVE 2 ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အိမ်ထောင်ရေး အချစ်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” My Dear Hate ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးပါ။ ကျွန်တော့်က ရှေ့ကား သဘင်သည်မြနှင်းဆီက ပေါက်ခဲ့တာမို့ ဒီကားထဲမှာ ပရိသတ်အကြိုက်တွေ့အောင် အကောင်းဆုံး ပိုကြိုးစားခဲ့ရတာတွေရှိပါတယ်။ ဒီကားက ငိုရမှာတွေလည်းပါသလို ချစ်ခြင်းတွေလည်းပါပါတယ်။ မက်မက်မောမောမုန်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ၂၅ ရက်နေ့ကစပြီးတော့ ပြသတော့မှာဖြစ်ပါတယ်။ အဲတော့အမျိုးမျိုးစောင့်ကြည့်ပြီး အမျိုးမျိုး Feedback တွေ၊ Comment တွေ ပေးနေကြတဲ့အပေါ်မှာလည်း တကယ်ဟိုလိုပြောပြချင်တာက ရုံတင်တဲ့အခါကျလို့ရှိရင် ရုံထဲကို ရောက်အောင်လာပြီး အချိန်ပေးပြီးတော့ တစ်ချက်လောက်ခံစားပေးပါ။ ထွေလာမှာတင် အကုန်ပါနေပြီတို့ ဘာတို့ သဘောမျိုး ပြောတာတွေရှိပါတယ်။ ကိုယ်တိုင်လာကြည့်ပြီးမှ ဝေဖန်စေချင်ပါတယ်။ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်လေးတွေလည်း ပါပါတယ်”လို့ ဒါရိုက်တာမင်းဆက်သစ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မင်းဆက်သစ်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေဝင်း၊ မေမီကိုကို၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ၊ သင်းသဲဗိုလ်၊ ဖြိုးရာဇာနိုင်၊ ဒေါ်ဂွမ်းပုံကြီး၊ ဇော်ဝင်းနိုင်၊ စိုးမိုးကြည်၊ ဒေါင်းဝေ၊ ရဲမွန်၊ ယွန်းသဒ္ဒါဟန်နဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။
“မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှစပြီးမြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
