၂၃.၉.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ မီတာ ၄၀၀ အားကစားကွင်းတွင် မိုးကြိုးပစ်ချရာ ဘောလုံးကစားနေသော Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံးမှု စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘောလုံးကွင်းတွင် မော်လမြိုင်မြို့ရှိ Lion City ဘောလုံးအသင်းနှင့် မုဒုံမြို့ တောင်ပေါ်သားကလပ်ဘောလုံးအသင်းတို့ ဆီမီးဖိုင်နယ်ပွဲ ကစားနေစဥ် မိုးကြိုးပစ်ခံရခြင်းဖြစ်ပြီး Lion City ဘောလုံးအသင်းမှ အသက် ၂၉ နှစ်အရွယ် ကစားသမား ကျောနံပါတ် (၉) ကိုသန်းတိုးအောင်မှာ မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးထိမှန်ခံရသူကို ကြက်ခြေနီအဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကုသပေးပြီး မုဒုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကစားသမားမှာ မော်လမြိုင်မြို့နယ် စံပြအေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
