၂၃.၉.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ Apple ကွန်ပျူတာမိတ္တူဆိုင်ဖွင့်လှစ်ထားသော နေအိမ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားသော မီးလောင်မှုမှာ ဆိုလာဖြင့် ဘတ္ထရီအားသွင်းထားပြီး ဖုန်းအားသွင်းစဥ် အပူလွန်ကဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဆိုလာအင်ဗာတာမှတစ်ဆင့် နှစ်ထပ်တိုက်၏ အောက်ထပ်တွင် ဖုန်းအားသွင်းရာက အပူလွန်ကဲပြီး မီးပွားထွက်ကာ အနီးရှိ စက္ကူစများကိုမီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်တွင် အိပ်နေသော ဆိုင်ဝန်ထမ်း အမျိုးသမီးများဖြစ်သော အသက် ၂၇ နှစ်အရွယ် မခင်စန်းထွေး၊ အသက် ၂၅ နှစ်အရွယ်များဖြစ်သော မသက်မာဝင်းနှင့် မဝေဝေထွန်းတို့မှာ မီးခိုးမွှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
မိတ္တူဆိုင်မီးလောင်မှုကို မီးငြိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများကို ပုညကုသလလူမှုကူညီရေးအသင်းနှင့် ကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
