၂၃.၉.၂၀၂၆
Translated by Htwe Ko Tun
ကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာလ ၂၂ ရက်က စတင်ကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှ ခေါင်းဆောင်အချို့က စတင်မိန့်ခွန်းပြောခဲ့ကြပါတယ်။
ဒေါ်နယ်ဒ်ထရမ့်ပ်က နိုင်ငံတကာအရေးမှာ သူ့ရဲ့ လုပ်ဆောင်ချက်မှတ်တမ်းတွေကို ဂုဏ်ယူပြောဆိုခဲ့ပြီး အီရန်နဲ့ ယူကရိန်းတို့မှာ ငြိမ်းချမ်းရေးရရှိနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
မိန့်ခွန်းပြောကြားရာမှာ အမေရိကန်သမ္မတက အီရန်အပေါ် ဆင်နွှဲခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုကို ကာကွယ်ပြောဆိုခဲ့ပြီး ယင်းလုပ်ဆောင်ချက်က အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရရှိစေဖို့ တားဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က အနာဂတ်မှာ သဘောတူညီချက်တစ်ခု ရရှိလာနိုင်မယ်လို့ ခန့်မှန်းပြောဆိုခဲ့သလို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှု မအောင်မြင်ပါက ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က မိန့်ခွန်းထဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် ဆင်နွှဲခဲ့တဲ့ စစ်ရေးတိုက်ခိုက်မှုကို ခုခံကာကွယ်ပြောဆိုခဲ့ပြီး ဒီလိုလုပ်ဆောင်ခဲ့လို့လည်း အီရန်ရဲ့ စစ်ရေးစွမ်းအားနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း လွှမ်းမိုးနိုင်စွမ်း အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရရှိစေရေး တားဆီးမယ်ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့သလို ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အီရန်ရဲ့ စစ်ရေးစွမ်းရည် နဲ့ စီးပွားရေးအင်အားတို့မှာ ပြင်းထန်စွာ ပျက်စီးခဲ့တယ်လို့လည်းး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူက အမေရိကန်-အီရန် ဆက်ဆံရေးအတွက် ဖြစ်လာနိုင်ခြေရှိတဲ့ အနာဂတ်လမ်းကြောင်း နှစ်ခုရှိပြီး ဒါတွေက နှစ်နိုင်ငံကြား ညှိနှိုင်းသဘောတူညီချက် ရယူဖို့ ဒါမှမဟုတ် စစ်ရေးအရ ထပ်မံလုပ်ဆောင်ဖို့တို့ ဖြစ်ကြတယ်လို့ ရှင်းပြပြောဆိုခဲ့ပါတယ်။
“သူတို့ကို အသက်ရှင်ရပ်တည်ခွင့်မပေးတော့ဘဲ ဒုက္ခဆင်းရဲငရဲကိုချပစ်ဖို့နဲ့ အနာဂတ်မှာမျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက် လုံးဝမရှိတော့တဲ့အခြေအနေကို ရောက်စေဖို့အထိ ကျွန်တော်အပြီးသတ် ချေမှုန်းလိုက်ရမလား။ ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးတာနဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
Ref: DW News
