သတိုး
၂၃. ၉. ၂၀၂၆
မြန်မာအစိုးရသစ်အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီစီမံဆောင်ရွက်ခြင်း၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီပြီး ပြည်သူလူထုထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအား ရှာဖွေတွေ့ရှိရန်အတွက် တရုတ်နိုင်ငံမှ ခိုင်မာစွာ ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံနှင့် ကုလသမဂ္ဂ ယန္တရားများ၊ လုပ်ငန်းစဉ်များတွင် ဘက်စုံ တန်းတူညီမျှ အပြုသဘောဆောင်စွာ ပါဝင်နေမှုကိုလည်း ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား (H.E Ma Jia) က ပြောကြားသည်။
အဆိုပါပြောကြားမှုကို လာမည့် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ အဖွင့်အမှာစကားပြောကြားချိန်တွင် တရုတ်သံအမတ်ကြီး မာကျားက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။





“ဒီနှစ်က မြန်မာအစိုးရသစ်ရဲ့ တာဝန်ထမ်းဆောင်မှု အစပြုတဲ့နှစ်ဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆက်ဆံရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့နှစ် လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တာအတွင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ ထိတွေ့ဆက်ဆံမှု စဉ်ဆက်မပြတ်ရှိခဲ့ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များစွာ ဖြစ်ထွန်းခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးဟာ တက်ကြွဆန်းသစ်ပြီး ကျယ်ပြန့်တဲ့အနာဂတ်ကို ကြိုဆိုလျက်ရှိပါတယ်။ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်း ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းကို တရုတ်နိုင်ငံမှ ကြိုဆိုပြီး မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး ရေရှည်တည်တံ့မှု၊ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရေးအတွက် ထောက်ခံအားပေးပါတယ်။ ဒီနှစ် ဇွန်လမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) သွားရောက်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခိုင်မာစေရန်၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစေရန် အရေးပါသော ဘုံသဘောတူညီချက်များကို ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Jiang Xinzhi သည် သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ. အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့၏ အပြန်အလှန် အောင်မြင်စွာ ခရီးစဉ်များ သွားရောက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မောင်းနှင်အားများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ မြန်မာအစိုးရသစ်အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီစီမံဆောင်ရွက်ခြင်း၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီပြီး ပြည်သူလူထုထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအား ရှာဖွေတွေ့ရှိရန်အတွက် တရုတ်နိုင်ငံမှ ခိုင်မာစွာ ဆက်လက် ထောက်ခံအားပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ကုလသမဂ္ဂ ယန္တရားများ၊ လုပ်ငန်းစဉ်များမှာ ဘက်စုံ တန်းတူညီမျှ အပြုသဘောဆောင်စွာ ပါဝင်နေမှုကိုလည်း ဆက်လက်ထောက်ခံသွားမှာ ဖြစ်ပါတယ်။”ဟု မစ္စ မာကျားက ဆက်လက် ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။



အခမ်းအနားတွင် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများ ဖြစ်ကြကြောင်း၊ ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် စစ်မှန်သည့် အိမ်နီးချင်းကောင်းပီသမှုတို့ကိုအခြေခံပြီး နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများလည်းဖြစ်ကြကြောင်း၊ ထို့ပြင် ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း၊ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘောထောက်ခံကူညီပေးနေမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သာယာဝပြောပါစေကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုထာဝရ တည်တံ့ပါစေကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မစ္စမာကျားကလည်း တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးမှတစ်ဆင့် မြန်မာပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို ပူးပေါင်းဆောင်ရွက်ပေးနေကြောင်းနှင့် မြန်မာနိုင်ငံသည် လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများမှ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းပေါင်း ၁၄၀ အကောင်အထည်ဖော်ဆောင်ပေးခဲ့ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများတွင် စီမံကိန်းအများအပြား ဖော်ဆောင်ပေးခံရသည့်အပြင် နှစ်နိုင်ငံစလုံးအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ခိုင်မာ တည်ငြိမ်စွာ တွန်းအားပေးလျက်ရှိကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
“ဒီနှစ်အတွင်း ဒုတိယသမ္မတကြီး ဦးညိုစောနဲ့ ဒုတိယသမ္မတကြီး ဒေါ်နန်းနီနီအေး အပါအဝင် မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီး (၁၀) ဦးကျော်တို့က နှစ်နိုင်ငံ နယ်ပယ်အသီးသီးရှိ လက်တွေ့ ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန် တရုတ်နိုင်ငံသို့ ဆက်တိုက်သွားရောက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုက တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး တရုတ်ယွမ်ငွေသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ငွေပေးချေရှင်းလင်းရေး ငွေကြေးဖြစ်လာခဲ့ရာ စီးပွားရေး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုအလားအလာများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တက်ကြွစွာထောက်ခံအားပေးပြီး တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံကဲ့သို့ အထင်ကရစီမံကိန်းများကို ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံးဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကိုလည်း ခိုင်မာ တည်ငြိမ်စွာ တွန်းအားပေးလျက်ရှိပါတယ်။ ပြည်သူများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အောင်မြင်မှုအသစ်များ ရရှိလာပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံးပြီး မြန်မာပြည်သူတစ်ရပ်လုံးကို ရည်ရွယ်၍ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စိုက်ပျိုးရေး၊ ဆေးကုသရေး စတဲ့ ကဏ္ဍများမှာ တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ တည်ဆောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးဈေးဟာ ဒေသပြည်သူများရဲ့ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းကြောင့် တက္ကသိုလ်အနေနဲ့ နှစ်စဉ် လျှပ်စစ်ဓာတ်အားခ အမေရိကန်ဒေါ်လာ သောင်းနှင့်ချီပြီး သက်သာစေခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်-တောင် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (South-South Cooperation Assistance Fund – SSCAF) ကတစ်ဆင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို မြန်မာနိုင်ငံပြည်သူများ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးပေးလျက်ရှိပါတယ်။ ယခုနှစ်ဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ် ပြည့်မြောက်ခဲ့တဲ့နှစ် ဖြစ်ပါတယ်။ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ပြည်သူများအတွက် အကျိုးပြုတဲ့ စီမံကိန်းပေါင်း (၁၄၀) ကို အကောင်အထည်ဖော်ခဲ့ပြီး မြန်မာနိုင်ငံဟာ မဲခေါင်မြစ်ဝှမ်း နိုင်ငံများထဲမှာ စီမံကိန်းအရေအတွက် အများဆုံး အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကနေ မြင်တွေ့၊ ထိတွေ့ခံစားနိုင်တဲ့ ပြည်သူ့ဘဝ အကျိုးစီးပွားများအဖြစ် အစဉ်မပြတ် ပြောင်းလဲဖော်ဆောင်လျက် ရှိပါတယ်။”ဟု မစ္စမာကျားက ဆက်လက် ပြောကြားသည်။
