


၂၂.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ခုနစ်ဆူဘုရားဝန်းရှိ ရေကန်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅ဝ ခန့်က အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေကန်တွင် အဘိုးအိုတစ်ဦး၏ သေဆုံးနေသော ရုပ်အလောင်းပေါ်နေသည်ကို အမျိုးသားတစ်ဦးက စတင်တွေ့ရှိရာမှ အသင်းထံ ဆက်သွယ် အကူအညီတောင်းခံသဖြင့် ဆယ်ယူပေးခဲ့ကြောင်း သိရသည်။
“အဲ့ဒီရေကန်က လူပြတ်တယ်။ ကန်ဘေးက တော်တော်ချောနေတာ။ အဘိုးက ငါးစာလာကျွေးရင်း ခြေချော်ပြီး ကန်ထဲကျသွားတဲ့ပုံပါပဲ။ ကန်ထဲကျသွားလို့ ငါးတွေ ကိုက်ခံထားရတဲ့ ဒဏ်ရာပဲရှိတယ်။ တခြား ဘာဒဏ်ရာမှ မရှိပါဘူး။ ရေထဲကျနေတဲ့အချိန်မှာ လူမသိလိုက်လို့ ရေနစ်သေဆုံးသွားတဲ့ပုံပါပဲ”ဟု မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ရေကန်ထဲကျကာ သေဆုံးသူအဘိုးအိုမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်ကာ မိသားစုနှင့်လည်း ဆက်ဆံရေး အဆင်ပြေသူဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသော အဘိုး၏ရုပ်အလောင်းကို မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဘိုးအို ရေကန်ထဲကျကာ ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီကျော်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် အမျိုးသားနှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
