သက်တံ့
၂၂. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ယိုစီမီတီ အမျိုးသားဥယျာဉ် (Yosemite National Park) အတွင်း လောင်ကျွမ်းနေသည့် “Dome Fire” အမည်ရှိတောမီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် ကူညီပေးနေသည့် ငှားရမ်းထားသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေသူရဲ နှစ်ဦး သေဆုံးသွားခဲ့ကြောင်း အလက်စကာ တောအုပ်နှင့် မီးဘေးကာကွယ်ရေးဌာန (Alaska Division of Forestry and Fire Protection) က တနင်္လာနေ့ (ဒေသစံတော်ချိန်) တွင် ပြောကြားသည်။
အဆိုပါ မတော်တဆမှုသည် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့် (ဂရင်းနစ်စံတော်ချိန် ၂၁:၅၅ နာရီ) တွင် မာရီပိုဆာခရိုင် (Mariposa County) အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် လူနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဖက်ဒရယ် လေကြောင်းဦးစီးဌာန (FAA) နှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) တို့က ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
Dome Fire တောမီးငြှိမ်းသတ်ရေးကို ကြီးကြပ်နေသည့် California Complex Incident Management Team 3 မှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရဟတ်ယာဉ်သည် ရေပုံးဖြင့် မီးလောင်ပြင်ပေါ်သို့ ရေဖြန်းပေးသည့် လုပ်ငန်းဆောင်ရွက်နေစဉ် ယိုစီမီတီရှိ ဩစထရန်ဒါ ရေကန် (Lake Ostrander) ၏ အရှေ့တောင်ဘက်၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလက်စကာ တောအုပ်နှင့် မီးဘေးကာကွယ်ရေးဌာနက သေဆုံးသွားသူ လေသူရဲတစ်ဦး၏ အမည်မှာ ဂရက်ဂ် ကင်း (Greg King) ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းအား “တာဝန်ကျေပွန်သည့် လေသူရဲတစ်ဦးဖြစ်သလို ကျွန်ုပ်တို့အများစု၏ ချစ်ခင်ရပါသော မိတ်ဆွေစစ်တစ်ဦး” ဟု ဂုဏ်ပြုပြောဆိုထားသည်။ ဒုတိယမြောက်လေသူရဲ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မိသားစုထံ ဦးစွာ အကြောင်းကြားရန် ကျန်ရှိနေသေးသဖြင့် ခေတ္တထိန်းသိမ်းထားကြောင်း အဆိုပါဌာနက ပြောသည်။
အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာနက Dome Fire တောမီးကို ၁၅ ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားသည်။ စက်တင်ဘာ ၁၅ ရက်နေ့က ဝါဝိုနာ (Wawona) ဧရိယာရှိ ချီနူအယ်လ်နာ ရေတံခွန် (Chilnualna Falls) အနီးမှ စတင်လောင်ကျွမ်းခဲ့သော အဆိုပါတောမီးကြောင့် ခြေလျင်လျှောက်လမ်းအချို့နှင့် တောတွင်းလမ်းများကို ပိတ်ထားရသော်လည်း ယိုစီမီတီ ဥယျာဉ်တစ်ခုလုံးကိုမူ ဆက်လက်ဖွင့်လှစ်ထားသည်။
ယခုလအစောပိုင်းကလည်း ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Amazon ကုန်တင်လေယာဉ် တစ်စင်း ပြေးလမ်းကျော်လွန် ပျက်ကျခဲ့သဖြင့် လူ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
Ref: THM
