သက်တံ့
၂၂. ၉. ၂၀၂၆
ထိုင်းဘုရင်မင်းမြတ်၏ ကင်းကွာနေသော သားတော်တစ်ဦးဖြစ်သူ ချက်ကရီဝပ် ဗိဗာချာရာဝေါင်ဆီ (Chakriwat Vivacharawongse) က ကျန်းမာရေးအခြေအနေ သိသိသာသာ ဆိုးရွားလာသောကြောင့် ဆေးကုသမှုခံယူရန် မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပေးရန် အကူအညီတောင်းခံလိုက်သည်။
စက်တင်ဘာ ၂၁ ရက် (တနင်္လာနေ့) က ၎င်း၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု၌ မစ္စတာ ချက်ကရီဝပ်က ၎င်းအနေဖြင့် အတက်ဝေဒနာ ခံစားခဲ့ရပြီး လက်နှင့် ခြေထောက်များ အားနည်းလာခြင်း၊ အာရုံကြော ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း၏အသက်ကို ကယ်တင်ရန်အတွက် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေကြောင်းလည်း ဆိုသည်။
မလေးရှား (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုတို့တွင် ဦးနှောက်ခွဲစိတ်ကုသရမည့် စရိတ်စကသည် အလွန်ပင် ကြီးမားလွန်းသဖြင့် မိမိ မတတ်နိုင်သည့် ပမာဏဖြစ်နေကြောင်း မစ္စတာ ချက်ကရီဝပ်က အဆိုပါဗီဒီယို၌ ပြောကြားခဲ့သည်။ မိခင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပါက စရိတ်စက ပိုမိုသက်သာမည်ဟု ၎င်းက ယုံကြည်နေသည်။
ယခု ဗီဒီယိုတင်ရသည့် အဓိကရည်ရွယ်ချက်မှာ ဆေးကုသမှု ခံယူပြီး ပြန်လည်ကျန်းမာလာစေရန်အတွက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိရေး စီစဉ်ပေးနိုင်ရန် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဗီဒီယိုဖိုင်အောက်ရှိ မှတ်ချက်ကဏ္ဍတွင် ၎င်း၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာမှတစ်ဆင့် အားပေးကူညီသည့် စာလွှာအများအပြား ဝင်ရောက်လာခဲ့သည်။
မစ္စတာ ချက်ကရီဝပ်သည် လက်ရှိ ထိုင်းဘုရင် မဟာဗာဂျိရာလောင်ကွန်း (Rama X) နှင့် ဒုတိယမြောက် ဇနီးဟောင်းဖြစ်သူ သုဇာရီနီ ဝိဝကျရာဝေါင်း (Sujarinee Vivacharawongse) တို့၏ တတိယမြောက် သားတော်ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် မိခင်ဖြစ်သူ သုဇာရီနီမှာ အိမ်ထောင်ရေးဖောက်ပြန်သည်ဟု ဆိုကာ တော်ဝင်မိသားစုမှ ပယ်ဖျက်ခံခဲ့ရပြီးနောက် သားတော် ၄ ပါး၊ သမီးတော် ၁ ပါးတို့နှင့်အတူ ဗြိတိန်သို့ တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် ထိုင်းဘုရင်က အငယ်ဆုံး သမီးတော်ကိုသာ တော်ဝင်မင်းသမီးအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သဖြင့် ကျန်ရှိသော သားတော်များမှာ ကင်းကွာစွန့်ပစ်ခံထားရခြင်း ဖြစ်သည်။
Ref: Bangkok Post
