သက်တံ့
၁၈. ၉. ၂၀၂၆
မကြာမီကျင်းပတော့မည့် UFC 331 ပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီခွဲတွင် Main Card ပွဲများ စတင်ကြည့်ရှုနိုင်) တွင် လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပသွားမည်ဖြစ်ပြီး၊ ပါဝင်မည့် ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲသည် ပထမအကြိမ် ပွဲစဉ်၏ တရားဝင်ရလဒ်ထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းနေသည်။
လက်ရှိချန်ပီယံ ဂျော်ရှဝါဗန် (Joshua Van) သည် သူ၏ ချန်ပီယံခါးပတ်နှင့် ပတ်သက်၍ သံသယများကို အပြီးတိုင် ချေဖျက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ ချန်ပီယံဟောင်း အလက်ဇန္ဒား ပန်တိုဂျာ (Alexandre Pantoja) ကလည်း ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ဆုံးရှုံးခဲ့ရသည့် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ရန် သန္နိဋ္ဌာန်ချ၍ ပြန်လာခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ UFC 323 ပြိုင်ပွဲတွင် ပန်တိုဂျာသည် ပထမအချီ ၂၆ စက္ကန့်အတွင်း၌ပင် ပြင်းထန်သော လက်မောင်းနှင့် တံတောင်ဆစ် ဒဏ်ရာရရှိခဲ့သောကြောင့် ဗန်က ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဒဏ်ရာမှာ ပန်တိုဂျာ၏ ကန်ချက်ကို ဗန်က ဖမ်းချုပ်ကိုင်ပေါက်ပြီးနောက် လဲကျစဉ် အထိန်းအကွပ်မတော်ဘဲ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဗန်အား နည်းစနစ်ကျ ဒိုင်ပွဲရပ် (TKO) ဖြင့် အနိုင်ပေးခဲ့သော်လည်း ထိုသို့ ပွဲတိုသွားခဲ့သဖြင့် ကစားသမားနှစ်ဦး၏ အမှန်တကယ် လက်ရည်အသာစီးကို မသဲကွဲခဲ့ပေ။
ထိုမရေရာမှုကပင် စနေနေ့၏ အဓိက မေးခွန်းတစ်ခုဖြစ်စေခဲ့သည်။ ဗန်သည် ပန်တိုဂျာကို အပြတ်အသတ် အနိုင်ယူနိုင်ပါ့မလား…။
“သူက အရမ်း အရမ်းကို အန္တရာယ်များတဲ့သူပါ” ဟု အသက် ၂၄ နှစ်အရွယ် ချန်ပီယံ ဗန်က ပြောကြားခဲ့သလို “သူက ပိုပြီး စိတ်ဓာတ်တက်ကြွနေလိမ့်မယ်၊ ပိုပြီး အောင်ပွဲဆာလောင်နေလိမ့်မယ်။ ဒီတစ်ကြိမ်မှာ အကောင်းဆုံး ပန်တိုဂျာကို တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။”ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဖွား ချန်ပီယံ ဗန်သည် အနိုင် ၁၇ ပွဲ၊ အရေးနိမ့် ၂ ပွဲနှင့် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားပြီး (၇) ပွဲဆက်တိုက် အနိုင်ရရှိထားသည်။ ဟူစတန်မြို့တွင် လေ့ကျင့်ရေးပြုလုပ်နေသူ ဗန်သည် ပြိုင်ဘက်ကို အလဲထိုး (KO) ၉ ပွဲ၊ အချုပ်ဖြင့် အနိုင်ရပွဲ ၂ ပွဲနှင့် ပထမအချီတွင်ပင် ပွဲသိမ်းခဲ့သည့်ပွဲ ၃ ပွဲ ရှိခဲ့သည်။ သူ၏ မှတ်တမ်းတွင် ဘရန်ဒန် ရွိုင်ဗယ်လ် (Brandon Royval)၊ ပန်တိုဂျာနှင့် တတ်ဆူရို တိုင်ရာ (Tatsuro Taira) တို့ကို အနိုင်ရရှိခဲ့သည့် ပွဲများ ပါဝင်သည်။ တိုင်ရာကိုမူ UFC 328 တွင် ၎င်း၏ ပထမဆုံး ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ပဉ္စမအချီ၌ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တိုင်ရာနှင့် ပွဲစဉ်သည် ဗန်အနေဖြင့် ပွဲကြာရှည်ယှဉ်ပြိုင်ရသည့် အဆင့်မြင့်ပြိုင်ဘက်ကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်။ ဗန်သည် ဖိအားများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ခက်ခဲသော စိန်ခေါ်မှုများကို ကျော်ဖြတ်ကာ စောစောစီးစီး အသာစီးရရုံမျှမကဘဲ နောက်ဆုံးအချီတွင် အပြီးသတ် အနိုင်ယူနိုင်ခဲ့သည်။
လက်ရှိ UFC အမျိုးသား ပေါင်အလိုက် သတ်မှတ်သည့် (Pound-for-pound) ဇယားတွင် အဆင့် ၁၁ နေရာ၌ ရပ်တည်နေသော ဗန်သည် ယခုအခါ ဖလိုင်းဝိတ်တန်း၏ ချန်ပီယံဟောင်းကို ပုံမှန်ပွဲစဉ်အတိုင်း အနိုင်ယူပြီး ဝိတ်တန်း၏ အငြင်းပွားဖွယ်မရှိသော ထိပ်တန်းခေါင်းဆောင်အဖြစ် သက်သေပြရန် အခွင့်အရေး ရရှိထားသည်။
“ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေအနေနဲ့ နောက်တစ်ဆင့်မြင့်သွားတဲ့ ဂျော်ရှဝါဗန်ကို တွေ့ရပါလိမ့်မယ်။ ပန်တိုဂျာ့ကို ငါအနိုင်ရလိုက်တဲ့အခါ ဒီဝိတ်တန်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာပါလိမ့်မယ်။”ဟုလည်း ဗန်က ဆက်လက်ပြောခဲ့သည်။
ဗန်နှင့် မကျေပွဲပြန်လည်ယှဉ်ပြိုင်ရမည့် ပန်တိုဂျာသည် နိုင်ပွဲ ၃၀၊ အရေးနိမ့် ၆ ပွဲ၊ ဖလိုင်းဝိတ်တန်း အဆင့် ၁ နေရာနှင့် ပေါင်အလိုက် သတ်မှတ်သည့် ဇယားတွင် အဆင့် ၁၃ နေရာ၌ ရပ်တည်နေသူဖြစ်သည်။ ဘရာဇီးလ်နွယ်ဖွား ပန်တိုဂျာသည် အလဲထိုး အနိုင်ပွဲ ၈ ပွဲ၊ အချုပ်ဖြင့် အနိုင်ပွဲ ၁၂ ပွဲနှင့် ပထမအချီ အပြီးသတ်ပွဲ ၁၀ ပွဲ ပိုင်ဆိုင်ထားကာ ကိုင် ကာရာ-ဖရန့်စ် (Kai Kara-France)၊ ကိုင် အာဆာကူရာ (Kai Asakura)၊ စတီဗ် အာဆက်ဂ် (Steve Erceg)၊ ဘရန်ဒန် မိုရီနို (Brandon Moreno) နှင့် ရွိုင်ဗယ်လ် တို့ကို အနိုင်ရရှိခဲ့ဖူးသည်။
ဒဏ်ရာမရမီက ပန်တိုဂျာသည် ချန်ပီယံဆုကို ၄ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ သူ၏ မဆုတ်မနစ်သော ဖိအားပေးမှု၊ သန်မာသော လုံးထွေးသတ်ပုဒ်များနှင့် ချုပ်ကွက် ကျွမ်းကျင်မှုတို့က သူ့ကို UFC ၏ အယုံကြည်ရဆုံး ချန်ပီယံတစ်ဦး ဖြစ်စေခဲ့သည်။ ယခုအခါ ပန်တိုဂျာသည် မိုရီနိုနှင့် ဒေးဗစ်ဆင် ဖီဂူရီဒို တို့ပြီးလျှင် UFC သမိုင်းတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ပြန်လည်သိမ်းပိုက်နိုင်သည့် တတိယမြောက် ကစားသမားဖြစ်လာရန် ကြိုးပမ်းနေသည်။
“ငါ့တစ်သက်လုံး ငါ့ကိုယ်ငါပဲ အာရုံစိုက်ခဲ့တာ။ မိုရီနိုနဲ့ ဖီဂူရီဒိုတို့ကို ငါမကြည့်ပါဘူး၊ သူတို့နှစ်ယောက်လုံးက အရမ်းတော်တဲ့ ဖိုက်တာတွေပါ။ ငါ့တစ်သက်လုံး ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေနဲ့ ယှဉ်ပြိုင်ဖို့ပဲ တိုက်ပွဲဝင်ခဲ့တာပါ။ စနေနေ့ညမှာ ကမ္ဘာ့ချန်ပီယံကို အနိုင်ယူဖို့ အခွင့်အရေး ရပါပြီ” ဟု ပန်တိုဂျာက ပြောကြားခဲ့သည်။
ထို့ပြင် “ဒါဟာ ဖလိုင်းဝိတ်တန်းအတွက် ခေတ်သစ်တစ်ခုလို့ ထင်ပါတယ်။ လူတိုင်း က ဒီဝိတ်တန်းကို စပြီး လေးစားလာကြပြီလို့ ထင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ကစားသမားနှစ်ဦး၏ ကွဲပြားသော ထိုးသတ်ပုံ စတိုင်များက စိတ်လှုပ်ရှားဖွယ် နည်းဗျူဟာမြောက် တိုက်ပွဲတစ်ခုကို ဖန်တီးပေးလိမ့်မည်ဖြစ်သည်။ ဗန်သည် အသက်ငယ်ရွယ်ပြီး လျှင်မြန်သည့် လက်သီးတွဲလုံး ရိုက်ချက်များ ပိုင်ဆိုင်ထားသူဖြစ်ပြီး ပန်တိုဂျာကမူ ချန်ပီယံအတွေ့အကြုံ၊ ပြိုင်ဘက်ကို အသက်ရှူရကျပ်စေမည့် လုံးထွေးသတ်ပုဒ်များနှင့် ၅ ချီစလုံး ယှဉ်ပြိုင်နိုင်သည့် ကြံ့ခိုင်မှုတို့ ပိုင်ဆိုင်ထားသည်။
ဗန်အတွက်မူ ယခုအနိုင်ရရှိမှုက မတော်တဆရရှိသလိုဖြစ်ခဲ့သော လက်ရှိချန်ပီယံဆုကို ထိုက်တန်သည့် သက်သေအဖြစ် ပြောင်းလဲနိုင်မည့် ပွဲဖြစ်ပြီး ပန်တိုဂျာအတွက်မူ ဒဏ်ရာမှ ပြန်လည်သက်သာလာကာ ချန်ပီယံထီးနန်းကို ပြန်လည်သိမ်းပိုက်ပြီး သူသည် အဘယ်ကြောင့် ချန်ပီယံဖြစ်ခဲ့ကြောင်းပြသနိုင်မည့် ပွဲစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
Ref: AP
