၁၈.၉.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီအထိ ၂၄ နာရီတာကာလအတွင်း ဝက်သက်ရောဂါနှင့် ဆင်တူသော လက္ခဏာများဖြင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရာ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန (DGHS) က နောက်ဆုံးသေဆုံးခဲ့သူ နှစ်ဦးစလုံးကို ဝက်သက်ရောဂါကြောင့် သေဆုံးသည်ဟု သံသယရှိသူများအဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။
ထိုကြောင့် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါကြောင့် သေဆုံးသည်ဟု အတည်ပြု ထားသူများနှင့် သေဆုံးသည်ဟု သံသယရှိသူ စုစုပေါင်းဦးရေမှာ ၁,၀၄၆ ဦးအထိ ရှိလာခဲ့သည်။
၎င်းတို့တွင် ဝက်သက်ရောဂါကြောင့် သေဆုံးသည်ဟု သံသယရှိသူ စုစုပေါင်းဦးရေမှာ ၉၄၆ ဦးအထိ ရှိ လာပြီး ဝက်သက်ရောဂါကြောင့် သေဆုံးကြောင်း အတည်ပြုထားသူဦးရေမှာမူ ၁၀၀ ဦးရှိကြောင်းလည်း သိရသည်။
အဆိုပါ ၂၄ နာရီတာကာလအတွင်းမှာပင် ဝက်သက်ရောဂါဟု သံသယရှိသည့် လူနာသစ် ၁,၂၈၂ ဦးကို သတင်းရရှိခဲ့ရာ နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိလူနာ စုစုပေါင်းဦးရေမှာ ၁၇၆,၄၈၀ ဦးအထိ ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝက်သက်ရောဂါပိုး ကူးစက်ခံထားရကြောင်း အတည်ပြုထားသည့် လူနာသစ် ၆၁ ဦးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်မှုအရ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားသူ စုစုပေါင်းဦးရေမှာ ၂၀,၃၄၃ ဦးအထိ ရှိလာခဲ့သည်။
DGHS ၏ အချက်အလက်များအရ ယခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် ဝက်သက်ရောဂါနှင့် ဆင်တူသော လက္ခဏာများရှိသည့် လူနာစုစုပေါင်း ၁၅၅,၆၀၂ ဦး ဆေးရုံ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ၎င်းတို့အနက် ၁၄၉,၅၄၀ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာပြီဟု ဆိုသည်။
Ref: Dhaka Tribune
