၁၈.၉.၂၀၂၆
Translated by Htwe Ko Tun
တောင်အာဖရိက ရဲတပ်ဖွဲ့သည် ဂျိုဟန်နက်စ်ဘတ်မြို့ အရှေ့ဘက်ရှိ လေဆိပ်အနီးတွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၇ ရက်က ထပ်မံတွေ့ရှိခဲ့ရာ တောင်အာဖရိကနိုင်ငံ၌ နှစ်လအတွင်း အသတ်ခံရသူ အမျိုးသမီး ကိုးဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက ရဲတပ်ဖွဲ့အဖို့လည်း နှစ်လတာကာလအတွင်း အမျိုးသမီး ကိုးဦး၏ ရုပ်အလောင်းများကို ဆက်တိုက်တွေ့ရှိခဲ့ရခြင်းကြောင့် ကွင်းဆက်လူသတ်သမား သို့မဟုတ် လူသတ်သမားအုပ်စုတစ်စု၏ လက်ချက်ဖြစ်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။
ထို နဝမမြောက် အသတ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိချိန်တွင် ဓားဒဏ်ရာများ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရှိနေပြီး အဝတ်အစားများမှာလည်း တစ်စိတ်တစ်ပိုင်းသာ ဝတ်ဆင်ထားတော့ကြောင်း တွေ့ရသည်။
ဤရုပ်အလောင်းသည် လွန်ခဲ့သည့် နှစ်လအတွင်း ထိုဒေသ၌ တွေ့ရှိရသော ကိုးခုမြောက် ရုပ်အလောင်းဖြစ်ရာ အဆိုပါလူသတ်မှုများအကြား ဆက်စပ်မှုရှိနိုင်ပြီး ဆက်တိုက်လူသတ်သမား သို့မဟုတ် လူသတ်သမားအုပ်စုတစ်စု လှုပ်ရှားနေနိုင်သည်ဟူသော စိုးရိမ်ယူဆချက်များကို ပိုမိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က အသတ်ခံရသူများ၏ ရုပ်အလောင်းများအားလုံးကို နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဂျိုဟန်နက်စ်ဘတ်မြို့၏ အရှေ့ဘက်ကပ်လျက်ရှိ အီကာဟူလီနီ (Ekurhuleni) မြို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အီကာဟူလီနီနှင့် ဂျိုဟန်နက်စ်ဘတ် မြို့နှစ်မြို့စလုံးသည် ဂေါတန် (Gauteng) ပြည်နယ်တွင် တည်ရှိသည်။
ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ဖရက်ကီကာနာက နောက်ဆုံးအသတ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအနီးတွင် ဖြတ်သန်းသွားလာသူတစ်ဦးက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၃၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရသော ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ဘေးဘက်တွင် ဓားဒဏ်ရာတစ်ခု တွေ့ရှိခဲ့ရသည်။ လည်ပင်းကိုလည်း လှီးဖြတ်ထားပုံရကြောင်း ကီကာနာက ပြောကြားခဲ့သော်လည်း သေဆုံးရသည့် အကြောင်းရင်းအပြည့်အစုံကိုမူ တရားဝင် အတည်မပြုရသေးပေ။
ယခင်က တွေ့ရှိခဲ့သော အသတ်ခံရသူရှစ်ဦး၏ လူသတ်မှုများတွင် တူညီသောလက္ခဏာများ ရှိနေခြင်းက ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုထံ သတိပေးချက်ထုတ်ပြန်ရန် လုံလောက်သော စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ဖူးသည်။
စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းက နောက်ဆုံးတွေ့ရှိခဲ့ရသည့် ရုပ်အလောင်းနှင့် ပတ်သက်သော အချက်အလက်များကို အီကာဟူလီနီတွင် အမျိုးသမီးများ အသတ်ခံရမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ၌ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် အသတ်ခံရသူ ရုပ်အလောင်းသုံးခုကို တွေ့ရှိခဲ့ရခြင်းဖြစ်ရာ အီကာဟူလီနီရှိ ကမ်တန် (Kempton) ပန်းခြံဒေသတွင် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ ချမှတ်ထားပြီး ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့စစ်ဆေးရေးဂိတ်များကိုလည်း ချထားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ရုပ်အလောင်းတွေကိုပဲ ဆက်တိုက်ကောက်ယူနေလို့ မဖြစ်နိုင်ပါဘူး” ဟု ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ တီဘယ်လို မိုဆီကီလီက စက်တင်ဘာလ ၁၇ ရက်တွင် ပြောခဲ့သည်။
မိုဆီကီလီက စုံစမ်းစစ်ဆေးသူများအနေဖြင့် ယခုနောက်ဆုံးတွေ့ရှိမှုသည် ယခင်လူသတ်မှုများနှင့် ဆက်စပ်မှုရှိမရှိ သို့မဟုတ် တူညီသောပုံစံအတိုင်း လူသတ်သမားတစ်ဦးက လိုက်လံကျူးလွန်နေခြင်း ဟုတ်မဟုတ်တို့ကို ဆန်းစစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်မည့် သတင်းအချက်အလက် ပေးအပ်သူအား ရန်းငွေ (Rand) ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ခန့် သို့မဟုတ် ယူရို ၂၁,၄၀၀ ခန့်) ဆုကြေးငွေ ပေးအပ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာထားသည်။
ဂေါတန်ပြည်နယ် ဝန်ကြီးချုပ် ပန်ယာဇာ လီဆူဖီက “တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို စစ်ကြေညာထားတာပေါ့၊ ဒါကို ကျွန်တော်တို့အနေနဲ့ ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီး အရှုံးပေးအညံ့ခံမှာတော့ မဟုတ်ပါဘူး” ဟု စက်တင်ဘာလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတ စီရီလ် ရာမာဖိုဆာကလည်း ဤရာဇဝတ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် လုပ်ဆောင်စရာရှိသမျှ အရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။
၎င်းက “ဒီဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းတွေမှာ၊ အထူးသဖြင့် အမျိုးသမီးတွေကြားမှာ ကြောက်ရွံ့မှုနဲ့ မရေရာမှုတွေကို ဖြစ်ပေါ်စေနေပါတယ်” ဟု ပြောခဲ့သည်။
တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ကျား/မ ခွဲခြားဆက်ဆံမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများလည်း ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။ နိုင်ငံအနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံအဆင့် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာထားသည်။
တောင်အာဖရိကနိုင်ငံ၌ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် ၎င်းတို့၏ ဘဝသက်တမ်းအတွင်း ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြုံတွေ့ရလေ့ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
Ref: AFP
