၁၃.၉.၂၀၂၆
Written By Thandar
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း တိုက်စစ်မှူး ဝင်းအောင် အသက် ၅၉ နှစ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန်က ရန်ကုန်မြို့၊ အာယုဆေးရုံမှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ဘောလုံးသမားလက်ရွေးစင် တိုက်စစ်မှူးဟောင်းက အဆုတ်ထဲ ရေဝင်လို့ ဆေးကုသမှုခံခဲ့တာလည်းဖြစ်ပါတယ်။ ကိုဝင်းအောင်က ခေါင်းတိုက်တာတော်လွန်းလို့ ခေါင်းတိုက်ဝင်းအောင်လို့ ခေါ်ဝေါ်ကြတယ်။ ဒီအချိန်မှာ တန်ဖိုးရှိတဲ့သူတစ်ယောက် ဆုံးရှုံးခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်”လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။






သူ့ဟာ ၁၉၈၅ ခုနှစ်က မွန်ပြည်နယ်ကိုယ်စားပြုဝင်ရောက်ကစားခဲ့ပြီးနောက် ငွေခေတ်မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦး ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရွေးစင်ကစားသမားအနေနဲ့ ခြေစွမ်းပြပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်မှာ စင်ကာပူနိုင်ငံရှိ ကလပ်အသင်းမှာ သွားရောက်ကစားခဲ့တဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်တို့နဲ့ အတူ တွဲဖက်ကစားခဲ့သလို တင်မြင့်အောင်၊ ကြည်လွင်တို့လို ထင်ရှားတဲ့ လက်ရွေးစင်ကစားသမားတွေနဲ့အတူ အာဆီယံနဲ့ အာရှဒေသပြိုင်ပွဲတွေမှာထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။
အသက် ၅၉ နှစ်အရွယ် မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဝင်းအောင်ရဲ့ နာရေး အခမ်းအနား အစီအစဉ်တွေကို မကြာခင် ဆက်လက်စုံစမ်းပြီး ပရိသတ်ကို အသိပေးမှာလည်းဖြစ်ပါတယ်။
