MT News
၁၄. ၉. ၂၀၂၆
ပြည်သူလူထုအကြား နာမည်ကျော်နေသည့် Ibet အပါအဝင် တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ Senior Agent များအား ဖမ်းဆီးအရေးယူလိုက်နိုင်ကြောင်း သိရသည်။
Online လောင်းကစားဂိမ်းများအား ပြည်သူအများ ပိုမိုကစားလာစေရန်အတွက် Agent Level များ အဆင့်ဆင့်သတ်မှတ်ထားရှိ၍ ဦးစီးဆောင်ရွက်ခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းနှင့် လောင်းကစားကွန်ရက် ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များအား ဖမ်းဆီးရမိရေး အလေးထားဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ကိုင်ဖုန်း ၂ လုံးဖြင့် လည်းကောင်း၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦး အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀)၌ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့ဖြင့် လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်း အား လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin Hotel ၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးတို့ဖြင့် လည်းကောင်း၊ Online လောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နု အား သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က)၌ လက်ကိုင်ဖုန်း ၁ လုံးဖြင့် လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ Online လောင်းကစားဂိမ်း Agent ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၃ စီး တို့အား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူ များကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့် Online လောင်းကစား Agent အဖြစ် ဆောင်ရွက်နေသူများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း သိရသည်။
