သက်တံ့
၁၃.၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်က နာမည်ကျော် နတ်စင်တစ်ရာဆရာတော်ဟာ ဒီနေ့မနက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။
“နတ်စင်တစ်ရာဆရာတော်ဘုရားကြီးဟာ ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နံနက် ၁ နာရီ ၅၆ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်သွားခဲ့ပါပြီ” လို့ ဆရာတော်ရဲ့ တပည့်သာဝကတစ်ဦးက လူမှုကွန်ရက်မှာ အသိပေးထားပြီး ကြွင်းရစ်တဲ့ ရုပ်ကလာပ်တော်ကိုလည်း နတ်စင်တစ်ရာကျောင်းမှာ ဆက်လက် ထားရှိသလို အန္တိမစျာပနကိုလည်း တပည့်ရဟန်းသံဃာတွေက ဆက်လက် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။




“ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နတ်စင်တစ်ရာဆရာတော်ဘုရားကြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၃) ရက် နံနက် (၁) နာရီ (၅၆)မိနစ်တွင် ရန်ကုန်မြို့ ကန်သာယာဆေးရုံတွင် ဆေးကုသမှုခံယူရာမှ
ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါပြီ။ ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား ဆေးရုံမှကျောင်းတိုက်သို့ပင့်ဆောင်ခဲ့ပြီး ယခု ကျောင်းတိုက်မှာ ရိုသေစွာထားရှိထားပါကြောင်း။ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များအား ဆရာတော်ဘုရားကြီးများ၏လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်”လို့လည်း ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမြင့်က အသိပေးထားပါတယ်။
နတ်စင်တစ်ရာဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်ရခြင်းဟာ စက်တင်ဘာ ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတော်မှာ ပဌာန်းဖွင့်ပွဲ ဆောင်ရွက်ပြီး လပွတ္တာမြို့နယ်ရှိ သုံးမိုင်ဆေးရုံမှာ ကျောက်ကပ်ဆေးပြီးနောက် အဲဒီနေ့ည ၁၀ နာရီခန့်အချိန် ဗိုက်အောင့်ဝေဒနာခံစားရလို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကန်သာယာဆေးရုံသို့ ဆေးရုံတက်ရောက်ကုသရာ အစာအိမ်သွေးကြောပေါက်ကြောင်း သိရတာကြောင့် ဆေးကုသမှုခံယူနေစဉ် ဘဝနတ်ထံပျံလွန်ရခြင်းဖြစ်တယ်ဆိုပါတယ်။
“ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာရှိ ဒေဝဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက်၏ ဦးစီးပဓာန နာယက နယ်လှည့် သစ္စာဓိဋ္ဌာန် စတုဒိသာ နတ်စင်တစ်ရာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇ ၊ သက်တော်(၇၆)နှစ်၊ ဝါတော် (၅၆)ဝါ သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၃)ရက် တနင်္ဂနွေနေ့ နံနက် (၁)နာရီ (၅၆)မိနစ် အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရှိရပါသဖြင့် သာသနာတော်နှင့် နိုင်ငံတော်အတွက် လည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွက် လည်းကောင်း၊ ကြီးမားသော ဆုံးရှုံးမှု ဖြစ်ရပါကြောင်း နှင့် များစွာဝမ်းနည်းကြေကွဲရပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်”လို့လည်း YMBA က ထုတ်ပြန်ထားပါတယ်။ (Photo – Credit)
