သက်တံ့
၁၃. ၉. ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ယာဆိုသွန် (Yasothon) ခရိုင်ရှိ Loengnoktha Crown Prince ဆေးရုံတွင် ဆေးရုံဆင်းရန် ပြင်ဆင်ပေးနေစဉ် သူနာပြုအကူတစ်ဦး၏ မတော်တဆမှုကြောင့် ကလေးငယ်၏ ညာဘက်လက်ညှိုး အစိတ်အပိုင်းတစ်ခု ပြတ်ထွက်သွားခဲ့သည့်အတွက် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က တောင်းပန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က အသက် ၁ နှစ်အရွယ် ကလေးငယ်သည် အသက်ရှူလမ်းကြောင်းနှင့် အစာခြေလမ်းကြောင်း ကူးစက်ရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် သောကြာနေ့တွင် ဆေးရုံဆင်းရန် ပြင်ဆင်ခဲ့ကြကြောင်း ဆေးရုံ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
”ဝန်ထမ်းတစ်ဦးဟာ ပိုက်သွင်းထားတာကို ဖြုတ်ပေးနေတုန်းမှာ ကလေးငယ်ရဲ့ ညာဘက်လက်ညှိုးမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆေးရုံက ပြောကြားခဲ့သည်။
ကလေးငယ်ကို ချက်ချင်း ရှေးဦးသူနာပြုစုခြင်း ပြုလုပ်ပေးခဲ့ပြီး ကလေးအထူးကု၊ ခွဲစိတ်ဆရာဝန်နှင့် အရိုးအထူးကု ဆရာဝန်များက ထပ်မံကုသပေးခဲ့ကြောင်း ဆေးရုံက ဆိုသည်။ ထို့အပြင် ဥဘုံရတ်ချဌာနီ (Ubon Ratchathani) ရှိ Sunpasitthiprasong ဆေးရုံမှ ပုံဖော်ခွဲစိတ်ဆရာဝန် (Plastic Surgeon) များထံမှလည်း အကူအညီတောင်းခံခဲ့သည်။
ဖြစ်ရပ်တွင် အမျိုးသား သူနာပြုအကူတစ်ဦးသည် ကလေးငယ်၏ ပိုက်သွင်းထားသည့်နေရာ၌ ပတ်ထားသော ပိတ်ကြဲပတ်တီးကို ကပ်ကြေးဖြင့် ညှပ်ထုတ်စဉ် မတော်တဆ ကလေးငယ်၏ ညာဘက်လက်ညှိုး အစိတ်အပိုင်းတစ်ခုကိုပါညှပ်မိသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပြတ်ထွက်သွားသည့် လက်ညှိုးအစိတ်အပိုင်းကို ရေခဲသေတ္တာထဲ ထည့်သွင်းကာ ပြန်လည်ဆက်စပ်ပေးနိုင်ရန်အတွက် Sunpasitthiprasong ဆေးရုံသို့ လူနာနှင့်အတူ ချက်ချင်း ပို့ဆောင်ပေးခဲ့သည်။ ခွဲစိတ်ကုသမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ရပြီး ရလဒ်ကိုမူ ဆရာဝန်များ အကဲဖြတ်နေဆဲဖြစ်သည်။
ကလေးငယ်၏ မိခင်ဟုယူဆရသော ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက သူနာပြုအကူသည် လက်ချောင်းထိပ်ဘက်မှနေ၍ လက်ကိုပတ်ထားသည့် ပတ်တီးအတွင်းသို့ ကပ်ကြေးထည့်ကာ သားဖြစ်သူ၏ လက်ချောင်းများ ပါမပါ မစစ်ဆေးဘဲ ချက်ချင်းညှပ်ချလိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ထို့နောက် သားဖြစ်သူ၏ လက်ညှိုးပြတ်ထွက်သွားသည့် အစိတ်အပိုင်းမှာ ပတ်တီးအတွင်းမှ လိမ့်ထွက်လာခဲ့သည်ဟု ဆိုသည်။
အဆိုပါ သူနာပြုအကူအား ထိခိုက်ဒဏ်ရာရရှိမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေစဉ်အတောအတွင်း အလုပ်မှ ယာယီရပ်ဆိုင်းထားသည်။
Loengnoktha ဆေးရုံဝန်ထမ်းများသည် လူနာကလေးငယ်နှင့် ဆွေမျိုးများထံ သွားရောက်တွေ့ဆုံခဲ့ပြီး ဆေးကုသစရိတ်၊ ခရီးစရိတ်နှင့် ပြန်လည်သန်စွမ်းရေး စရိတ်များအတွက် တရားမျှတစွာ ကျခံထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းလုံခြုံရေး ပိုမိုအားကောင်းစေရန်အတွက် လုပ်ငန်းစဉ်များကို ပြန်လည်ပြင်ဆင်ထားကြောင်းလည်း ပြောကြားခဲ့သည်။
Ref: Bangkok Post
