နေမိုး
၁၃. ၉. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် အမျိုးသားကြီးတစ်ဦးကို ပဲခူး PDF လေးဦးက ဒလန်ဟုသမုတ်ကာ နေအိမ်ရှေ့လမ်းမပေါ် ခေါ်ထုတ်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်လိုက်မှု ပြည်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကံစုကျေးရွာနေ ဦးမျိုးချစ်(၆၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ပဲခူး PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးမျိုးချစ်အား ဒလန်ဟု စွပ်စွဲကာ နေအိမ်ခြံဝင်းအပြင်ဘက်လမ်းမပေါ်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
