၁၃.၉.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ်အတွင်း ဇန်နဝါရီမှ ယနေ့အထိ လူကုန်ကူးမှု ၈၃ မှုမှ တရားခံ ၂၃၅ ဦး ဖမ်းဆီးအရေးယူခဲ့ကာ လူကုန်ကူးခံရသူ ၁၄၃ ဦးကယ်တင်နိုင်ခဲ့ပြီး အဓမ္မလက်ထပ်စေမှုအများဆုံးဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်သည့် (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေထံမှ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားမှုအရ သိရသည်။
အဆိုပါ သဝဏ်လွှာတွင် လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ဖော်ထုတ်အရေးယူမှု ၈၃ မှုတွင် တရားခံ ၂၃၅ ဦး တရားစွဲတင်ပို့နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၃ ဦး ကယ်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်စေမှု ၆၃ ဒသမ ၈၆ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၁၅ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပြည့်တန်ဆာအဖြစ်အဓမ္မပြုလုပ်စေမှု ၁၄ ဒသမ ၄၆ ရာခိုင်နှုန်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေမှု ၄ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများထုတ်ယူမှု ၁ ဒသမ ၂၀ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ဖော်ပြထားရာ အဓမ္မလက်ထပ်စေမှုမှာ အမြင့်ဆုံးရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရသည်။
ထိုကြောင့် လူမှုကွန်ရက်ပလက်ဖောင်းများတွင် အလုပ်အကိုင်၊ ငွေကြေးမက်လုံးပေးသည့် ကြော်ငြာအတုများဖြင့် အယုံသွင်းစည်းရုံးခေါ်ဆောင်မှုများ၊ စနစ်တကျဂိုဏ်းဖွဲ့ ကျူးလွန်သူများအား ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ နည်းပညာအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင်ဖော်ပြပါရှိသည်။
ဆက်လက်၍ ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှု ၆၉ မှုတွင် တရားခံ ၁၂၂ ဦးအနက် ထောင်ဒဏ် (၂၅) နှစ် ၂ ဦး၊ ထောင်ဒဏ် နှစ် (၂၀) ၃၃ ဦး၊ ထောင်ဒဏ် (၁၀) နှစ်နှင့်အထက် ၇၉ ဦး၊ ထောင်ဒဏ် (၁၀) နှစ်အောက် ၈ ဦး တို့အား ထိုက်သင့်ပြစ်ဒဏ်များချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ပို့ဆောင်ရန် မက်လုံးပေးစည်းရုံးပြောဆိုပြီး စုဆောင်းခြင်းများ တရားမဝင်ဆောင်ရွက်နေကြသည်ကို စိစစ်တွေ့ရှိရပြီး ယင်းသို့ တရားမဝင်ပို့ဆောင်သူများအား ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး နစ်နာသူများအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ ယနေ့အထိ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု ၂၃ မှုရှိခဲ့ပြီး တရားခံ ကျား ၃၄ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၇၃ ဦးအား အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ပို့ဆောင်ခံရသူ ကျား ၂၁ ဦး၊ မ ၃၈ ဦး၊ စုစုပေါင်း ၅၉ ဦးတို့အား ကူညီကယ်တင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံရှိ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau (NCB) လမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို ၎င်းတို့၏နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
