၁၃.၉.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာတွင် အကြွေးတောင်းရာမှ စကားများ ရန်ဖြစ်ကာ အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရမှု ဖြစ်ပွားခဲ့ပြီး ကျုးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ နေအိမ်အပေါ်ထပ်တွင် စိုင်းနောင်ဆိုသူက ငွေကြေးကိစ္စ စကားပြောရာမှ အဆင်မပြေသဖြင့် စိုင်းဆိုင်ဆိုသူကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အသက် ၄၇ နှစ်အရွယ် စိုင်းဆိုင်တွင် ညာဘက်နံစောင်းမှ ဖောက်ဝင်ပြီး ဘယ်ဘက်နံစောင်းမှ ဖောက်ထွက်ဒဏ်ရာ ရရှိကာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသော စိုင်းနောင်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ ဝမ်ကျောက်လုံကျေးရွာ မှ တာချီလိတ်မြို့ဘက်သို့ အသွား တာချီလိတ်- ကျိုင်းတုံလမ်းပေါ်တွင် မော်တော်ယာဥ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ စိုင်းနောင်ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
