သက်တံ့
၂၀. ၈. ၂၀၂၆
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ONE Championship ပြိုင်ပွဲကြီးတွင် ထူးချွန်ထက်မြက်သည့် အားကစားသမား အများအပြားကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
ONE MMA ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံဟောင်း “မြန်မာ့စပါးအုံး” အောင်လအန်ဆန်းသည် စံနမူနာပြ လမ်းဖောက်ပေးခဲ့ပြီး မြန်မာ့လက်ဝှေ့သမိုင်းတွင် အထင်ရှားဆုံး ကိုယ်ခံပညာရှင်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ မကြာသေးမီကလည်း “သံမဏိလူသား” စိုးလင်းဦးသည် လက်ဝှေ့စတိုင်ဖြင့်ပင် စာချုပ်ကြီးဖြင့် ဝင်ရောက်ထိုးသတ်ခွင့်ရခဲ့သလို “ကယန်းကျားသစ်” ဘရော်နီကာသည်လည်း ONE တွင် ၅ ပွဲထိုးသတ်ရာ၌ ၄ ပွဲအထိ အနိုင်ရရှိကာ အောင်ပန်းကိုင်ဆောင်ထားနိုင်သူတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မြန်မာ့အားကစားသမား အခြားဖိုက်တာတစ်စုသည် အောင်မြင်မှု သမိုင်းသစ်ရေးထိုးရန် မနားတမ်း ကြိုးပမ်းလျက်ရှိကြသည်။

ထိုင်းနိုင်ငံ၏ လုမ္ပဏီနီ အားကစားကွင်းတွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံရင့် တိုက်စစ်ကစားသမားများမှသည် MMA တိုက်ပွဲနိုင်သူများနှင့် ဂျပန်နိုင်ငံရှိ အရေးပါသည့် ပွဲစဉ်အတွက် ပြင်ဆင်နေသော အက်တမ်ဝိတ်တန်း ကစားသမားများအထိ အောက်ပါ မြန်မာ့ဖိုက်တာများသည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာအဖွဲ့အစည်းတစ်ခုဖြစ်သော One တွင် အသံကျယ်ကျယ်ထွက်အောင် စွမ်းဆောင်နိုင်သည့် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြသည်။
၁။ ကျော်စွာဝင်း
အသက် ၂၄ နှစ်မျှသာ ရှိသေးသည့် ကျော်စွာဝင်းသည် အရှိန်အဟုန်ကောင်းများ စတင် တည်ဆောက်နေပြီဖြစ်သည်။
Fairtex လေ့ကျင့်ရေးစခန်း၏ ကိုယ်စားပြုသူသည် လွန်ခဲ့သော ဇန်နဝါရီလက ဘန်တမ်ဝိတ် မွေထိုင်းပွဲစဉ်တွင် ဒုတိယအချီ TKO ဖြင့် မူဂါ (Muga) ကို အနိုင်ယူကာ ၎င်း၏စွမ်းရည်ကို ပြသခဲ့သည်။ နှစ်လအကြာတွင် အတွေ့အကြုံရင့် စမင်းဒမ် (Samingdam Looksuan) နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဇွန်လတွင် ပြန်လည်ထိုးသတ်ခဲ့ရာ စလေတန် (Slatan Jitmuangnon) ကို ဒိုင်အကဲများ၏ တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အေးဆေးတည်ငြိမ်စွာ အနိုင်ယူခဲ့သည်။
၎င်း၏ ကြံ့ခိုင်မှုနှင့် စွယ်စုံရ ထိုးသတ်နိုင်စွမ်းတို့ကြောင့် အရေးပါသည့် ပွဲစဉ်တစ်ပွဲကို ရရှိခဲ့ပြီဖြစ်ပြီး ယခုအပတ် ဩဂုတ် ၂၁ ရက် သောကြာနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုမ္ပဏီနီ အားကစားကွင်း၌ ကျင်းပမည့် The Inner Circle 27 ပြိုင်ပွဲ၏ ဘန်တမ်ဝိတ် မွေထိုင်း ဒုခေါင်ပွဲအဖြစ် ကိုမာဝတ် (Komawut FA Group) နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ခက်ခဲသည့် ထိုင်းပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပါက ကျော်စွာဝင်းအတွက် ဘဝအပြောင်းအလဲဖြစ်စေမည့် အခွင့်အရေးကြီးနှင့် ပိုမိုနီးစပ်သွားမည်ဖြစ်သည်။
၂။ စောမင်းမင်း
အသက် ၂၈ နှစ်အရွယ် ကရင်ပြည်နယ် သထုံမြို့မှ စောမင်းမင်းသည် စည်းမျဉ်းမတူသည့် ပြိုင်ပွဲများတွင် အောင်မြင်အောင် ထိုးသတ်နိုင်သူဖြစ်သည်။
စောမင်းမင်းသည် ၂၀၁၇ ခုနှစ်တွင် ONE သို့ မဝင်ရောက်မီ မြန်မာ့ရိုးရာလက်ဝှေ့လောက၌ နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ ONE နှင့် ပထမဆုံးပွဲတွင် ကျားဘဟိန်းကို အလဲထိုးခဲ့ပြီးနောက် ရွှေကျောင်းသားကို အမြန်ဆုံး အနိုင်ယူကာ ONE မြန်မာ ဖလိုင်းဝိတ်တန်း MMA ချန်ပီယံဆုကို ရရှိခဲ့သည်။
နှစ်များစွာအကြာတွင် စောမင်းမင်းသည် မွေထိုင်းကစားသမားအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ONE Friday Fights 112 တွင် ဂျော့ချ် ထရိုးဘရစ်ဂျ် (Josh Trowbridge) ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ ONE အောက်တွင် ရရှိခဲ့သည့် ၎င်း၏ အနိုင်ပွဲ ၃ ပွဲစလုံးမှာ အချိန်မပြည့်မီ အလဲထိုးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မကြာသေးမီကလည်း ခက်ခဲသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရပြီး ဒက်ချာဝလစ် (Detchawalit Silkmuaythai) နှင့် မွေထိုင်းကမ္ဘာ့ချန်ပီယံ လေးကြိမ်ရ ယော့လက်ပက် (Yodlekpet Or Atchariya) တို့နှင့် ယှဉ်ပြိုင်ကာ အဖိုးတန် အတွေ့အကြုံများ ရရှိခဲ့သည်။
ယခုအပတ် The Inner Circle 27 တွင် ယော့ဖူပါ (Yodphupa Petkiatpet) နှင့် ဘန်တမ်ဝိတ် မွေထိုင်းပွဲစဉ်အဖြစ် ထိုးသတ်ရမည်ဖြစ်ရာ စောမင်းမင်းအတွက် အရေးပါသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။
၃။ ဟာလိမ်းအွန်
မြန်မာပရိသတ်၏ အောက်ချင်းလေးဟု ချစ်စနိုးအခေါ်ခံရသူ ချင်းဖိုက်တာ ဟာလိမ်းအွန်သည် ယခုစာရင်းတွင် ပါဝင်သူများအနက် လက်ငင်း အခွင့်အရေးအကြီးဆုံး ပိုင်ဆိုင်ထားသူဖြစ်သည်။
Phyo Wai Group ကိုယ်စားပြု အသက် ၂၈ နှစ်အရွယ် အောက်ချင်းလေးသည် ပရော်ဖက်ရှင်နယ် တိုက်ခိုက်မှု စံချိန် ၃၂ ပွဲနိုင် ၆ ပွဲရှုံး ရရှိထားပြီး ONE ၏ အက်တမ်ဝိတ် မွေထိုင်းတန်းတွင် ပါဝင်ထိုးသတ်ထားသည်။
ယခုနှစ်စပိုင်း ONE Friday Fights 149 တွင် ခွန်ဆုက် (Khunsuk T1 Fight Academy) ကို ဒိုင်များ၏ တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့သည်။
ယခုအခါ အောက်ချင်းလေးသည် နယ်ပယ်သစ်တစ်ခုသို့ ဝင်ရောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ဟာလိမ်းအွန်သည် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ သွားရောက်ကာ ONE SAMURAI 3 ပြိုင်ပွဲ၌ ONE အက်တမ်ဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ နာဒါကာ (Nadaka) နှင့် ကစ်ဘောက်ဆင် စိန်ခေါ်ပွဲ ထိုးသတ်ရမည်ဖြစ်သည်။ ဤပွဲစဉ်သည် ONE တွင် အောက်ချင်းလေး၏ ပထမဆုံး ကစ်ဘောက်ဆင်ပွဲဖြစ်လာမည်ဖြစ်သည်။
လက်ရှိချန်ပီယံ နာဒါကာသည် ONE တွင် ၅ ပွဲဆက် အနိုင်ရထားသူဖြစ်ပြီး နာဒါကာကို အနိုင်ရရှိခဲ့ပါက အောက်ချင်းလေး၏ ကစားသမားဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲ ဖြစ်လာမည်ဖြစ်သည်။
၄။ ဆွန်ရက် Fairtex
ဆွန်ရက်သည် ONE ၏ အပတ်စဉ်ပြိုင်ပွဲများတွင် ပွဲတွေ့အတွေ့အကြုံ အများဆုံး ရရှိထားသည့် မြန်မာ့အားကစားသမားတစ်ဦးဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ဘယ်သန် ကစားသမားသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပထမဆုံး ONE Friday Fights ပွဲစဉ်မှစ၍ လုမ္ပဏီနီကွင်း၌ စိစစ်ထိုးသတ်လာခဲ့သူဖြစ်သည်။ ၎င်း၏ Muay Mat စတိုင်သည် ပြင်းထန်သည့် လက်သီးများ၊ ခြေကန်ချက်များနှင့် တံတောင်ရိုက်ချက်များကို အဓိက အသုံးပြုသည့် စတိုင်ဖြစ်သည်။ ၎င်း၏ ခရီးလမ်းတွင် စိန်ခေါ်မှုများစွာ ရှိခဲ့သော်လည်း ဆွန်ရက်သည် အရှိန်အဟုန်ကောင်းများကို ထိန်းသိမ်းနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လတွင် ဂျိုအာချင် (Joachim Ouraghi) ကို အနိုင်ယူကာ ၅ ပွဲဆက် အနိုင်ရရှိခဲ့ဖူးသည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ယာမင်း (Yamin PK Saenchai) နှင့် ဘူခေ့အို (Buakhiao Por Paoin) တို့ကို အလဲထိုးကာ ၎င်း၏ ပေါက်ကွဲအားကို ပြသခဲ့သည်။
ONE အောက်တွင် ၉ ပွဲအထိ အနိုင်ရရှိထားသည့် ဆွန်ရက်သည် ဤ လေးဦးအနက် အတွေ့အကြုံ အကြွယ်ဝဆုံး ဖြစ်သည်။


